Thursday, December 13, 2012

အောင်လွန်းမြိုင်၊ ငှက်လေးငါ့ဆီပြန်မလာသေးဘူး ..။







ငှက်ကလေး ငါ့ဆီ ပြန်မလာသေးဘူး


ငှက်ကလေးရေ ……………………..
ငါ့အလွမ်းဝါ၀ါတွေမြင်ပါစေ ။

စိမ်းနေတဲ့မြက်ခင်းတွေ
ပြာနေတဲ့ ကောင်းကင်အစပ်တွေ
ရိတ်သိမ်းစ စပါးခင်းနဲ့
နေ၀င်ရီတရော ပုစွန်ဆီရောင်ညနေ
ေ၀၀ါးနေတဲ့ မြူတွေ . . . . . နှစ်တွေ . . . . .

ငှက်လေးရေ . . . . . . . . .
အလွမ်းက မီးတောက်ဆို
အကြိမ်ကြိမ်လောင်ကျွမ်းခံရသူဟာ ငါပဲပေါ့
အထီးကျန်ဆန်တဲ့ နှစ်တွေကို
ငါ မဖြတ်သန်းချင်တော့ဘူး ။

အိပ်ပျော်နေတဲ့ စာသင်ကျောင်းကို ပုတ်နှိုးသူ
ခေါင်းလောင်းလေးရယ်
ဖုန်အလိမ်းလိမ်းက
ခဏ၀ှက်ယူထားတတ်တဲ့ ရွာလယ်လမ်းမရယ်
သေစာရှင်စာ ရေးတတ်ဖတ်တတ်ရုံ
ကာလသားချက်ရယ်
နွေပူပူဆို
သင်ဖြူးလေးမြေမှာခင်း
အေးမြခြင်းအရိပ်ကိုပေးတဲ့ ဘူးစင်လေးနဲ့
အားလုံးကို သတိရကြောင်း
ငှက်ကလေးရေ ပြောပေးပ ! ! !

ငှက်ကလေးရေ . . . . . . . . . . .
ကြေကွဲအထီးကျန်ဆန်တဲ့နှစ်တွေကို
နောက်ထပ် လွမ်းတမ်းတဖို့
နေလုံးဟာ
တောင်တန်းတွေ ပခုံးပေါ်မေးတင်ပြုံးပြနေနေပေါ့ ၊

ငှက်ကလေးက ရယ်ရွှင်
အဘိယာစက စကားကိုဆို
ငါကတော့ မြို့တစ်မြို့မှာ မောလို့ ၊
မိုးတွေရိုင်းရိုင်း ရွာလာပြန်ပြီကော ! ! !
မိုးကိုမျှော်တဲ့ ငရုတ်ပင်လေး
ငှက်ကလေးစိုက်ထားတဲ့
မိုးမျှော်ငရုတ်ပင်လေးတွေပေါ့ ၊
ငှက်ကလေးက
သူ့ သီးပင်စားပင်လေးတွေနဲ့ ကမ္ဘာပြုလို့ ၊

ငါကတော့
အလွမ်းဝါ၀ါတွေနဲ့
မေ့မရတဲ့ ညတစ်ညကို
ခေါင်းအုံးပေါ် ပါးပြင်အပ်
အမှောင်ထဲက အတွေးစကို
ငှက်ကလေး လှမ်းလို့မြင်နိုင်ပါစေ . . . . . . . . . .။ ။
အောင်လွန်းမြိုင်
မဟေသီ မဂ္ဂဇင်း ၂၀၀၆၊ ဇူလိုင်

အောင်လွန်းမြိုင်၊ တောအော်ပရာ





တောအော်ပရာ
                                      အောင်လွန်းမြိုင်
ကားလိပ်အဖွင့်
အလွမ်းဟာ လက်ခုပ်တစ်ဖောင်မှာ ရပ်တန့်သွား
သွေသားဆန္ဒတွေ တွန့်လိမ်နေတဲ့ တံလျှပ်ဟာ
သူ လင်ကောင်း သားကောင်း မရနိုင်ရှာတော့ပါဘူးတဲ့ ။

လင်လိုချင်သူ လင်ကောင်း သားကောင်းမရနိုင်ရှာသူ တံလျှပ်ဟာ
ရွာလမ်းမပေါ် နွေဖုံလုံးနဲ့အတူ ထွန့်ထွန့်လူးပေါ့ ။

ငွေကြေးနောက်လည်း လိုက်ချင်ရှာသူ တံလျှပ်ဟာ
သားကောင်ရှာသူ မုဆိုးနဲ့တွေ့ပေါ့ ။
မုဆိုးဟာ တံလျှပ်နဲ့တွေ့တဲ့အခါ
သူ့ရဲဒူးလေးကို မျက်နှာလွှဲခဲပစ်လုပ်
လင်ကောင်း သားကောင်းမရနိုင်ရှာသူကို ညှို့ယူ 

ဒါနဲ့
တံလျှပ်ဟာ မုဆိုးကိုမြှူဆွယ်
မုဆိုးရဲ့ အရည်ပျော်ရင်ခွင်ထဲ ပျော့ခွေ
ဒီမှာဖြင့် ဇာတ်က နာလိုက်လေခြင်း 

အို . . . အနုံညာတ မအတစ်ယောက်မတော့
ရင်ဝလှံဒဏ်ရာနဲ့
လက်တစ်ဖက်က သားကိုဆွဲ
တံလျှပ်မ မှုတ်ထုတ်လိုက်တဲ့ အပူတွေနဲ့
မုဆိုး ပြန်မလာတော့တဲ့အခန်းမှာ
မီးအမှောင်ပိတ် ကားလိပ်အချ
အလွမ်းဟာ
လေထဲမှာ ကြိုးတန်းလန်းနဲ့ ။ . . . . . . . . . . . ။
                             အောင်လွန်းမြိုင်
               ပိတောက်ပွင့်သစ်၊ စက်တင်ဘာ၊၂၀၀၈ - ခုနှစ်





အောင်လွန်းမြိုင်၊ မွေးနေ့ ......




မွေးနေ့
အောင်လွန်းမြိုင်
ငါ့ကိုယ်ငါ
အန်ထုတ်လိုက်ပြီ
ငါဟာ နွေဥတုမှာ
မွေးဖွားခဲ့သူမို့
ဒီထက်ပူလည်း ဒီထက် ပိုမပူတော့ပါဘူး ။

မျက်ရည်တွေကို ဘာသာပြန်
စကားလုံးတွေတွဲသီပြီး
ညီမလေးဖတ်ဖို့
စာမျက်နှာပေါ် တင်ခဲ့ပြီးပြီ ။

မြစ်တွေလို
ကောက်ကွေ့နေတဲ့နေ့တွေအလယ်
ကမ်းပါးပြိုသလို
နှလုံးသားလည်း အခါခါပြိုကျခဲ့ပြီ ။

အိပ်ယာနဲ့ဝေးတဲ့ညတွေရှိသလို
ညီမလေးရဲ့ ပါးပြင်နဲ့ ဝေးရတာမဆန်းတော့ပါဘူး ။

ဒီညလည်း
အရင်ညတွေလို မီးမှိတ်အိပ်ခဲ့ပါတယ် ။
ပန်းပဲလည်းဖိုခဲ့ပြီးပြီ ၊
ဝါးပင်လေးနဲ့ပျိုးထားတဲ့အိမ်လေးထဲမှာ
အတိတ်တွေလည်း နေ့ပြန်တိုးလို တိုးခဲ့ပေါ့
ငါ့ကိုငါ
အန်ထုတ်ခဲ့ပြီ ။ . . . . . . . . . . . . . . . . ။
                        အောင်လွန်းမြိုင်
ပန်းအလင်္ကာ၊ မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၁၀ - ခုနှစ်




Wednesday, December 5, 2012

ဆောင်း ..........အောင်လွန်းမြိုင်





ဆောင်း
ပြကွက်တွေ
တစ်ခန်းပြီးတစ်ခန်းစိပ်ခဲ့တယ်
ပြက္ခဒိန်တွေ တစ်ရွက်ပြီးတစ်ရွက် ဖြုတ်ခဲ့တယ် ။

လိပ်စာ အသေအချာ ရေးရက်နဲ့
ငါ့ဆီပြန်မရောက်လာတဲ့ရာသီကို
ငါကိုယ်တိုင်ဆုတ်ဖြဲပစ်လိုက်တယ် ။

သေချာသေချာ လွဲခဲ့တယ်
သေသေချာချာ မှားခဲ့တယ်
လွဲမှားခြင်းတွေနဲ့လည်း သေချာခဲ့တယ် ။
ငါ့ခန္ဓာမှာ ခုတလော
ချွေးစို့လိုက် ဆားပွင့်လိုက်
စိတ်နဲ့ အော်ခေါ်မိတဲ့ လမ်းတစ်လျှောက် 
နှင်းထဲမှာ
ငါ့နာမည်ငါရေးလို့
ငါကိုယ်တိုင် မျိုချလိုက်တယ်

အခုတော့ . . . . . .
ရင်နဲ့မဆံ့အောင်ပွင့်ခဲ့သော
ငါ့အလွမ်းများနဲ့ လိပ်ပြာ
ဆောင်း ဆိုလား . . . . . .
သူ့ အလိုလိုရောက်လို့လာ
နူတ်ဆက်ပြုံးပြကြရုံသာ . . . . . .။       

အောင်လွန်းမြိုင်
ကလျာ မဂ္ဂဇင်း၊ ဇန္န၀ါရီလ ၊ ၂၀၀၆ - ခုနှစ် ။

Saturday, November 24, 2012

ကေတုမတီ ၊တောင်ငူ (၅၀၂) နှစ်ပြည့် ကဗျာများ







သို့/ . . . ဦးဆွေးဆံမြေ့ တောင်ငူမြို့

ဒီမြို့ကို
စစ်တောင်းမြစ်တစ်စင်းက
တံစို့ထိုးသလို ထိုးထားတယ် ။
ဒီမြို့ကို
သူရသတ္တိပြည့်စုံတဲ့
သူရဲကောင်းတွေက စောင့်ရှောက်ခဲ့ ။
ဒီမြို့ကို
တပင်ရွှေထီး
ဘုရင့်နောင်
ဘုန်းမီးနေလတောက်ပြောင်အောင်
ကမ္ဗည်းထိုးပေးခဲ့ ၊
ဒီမြို့ကို
နတ်သျှင်နောင်ဆိုတဲ့
ကဗျာစာဆိုလေးတစ်ယောက်
သူ သစ္စာမဖောက်ခဲ့ပါဘူးလို့
တတွင်တွင် လှမ်းပြောနေရဲ့ ။
ဒီမြို့ကို
ကျွန်းသစ်နဲ့ သစ်မာသားတွေထွက်လို့
စီးပွားရေးကျားတွေ မျက်စေ့ကျခဲ့ ။
ဒီမြို့ကို
လွန်ခဲ့တဲ့ နှစ်တစ်ရာက
မောင်ချမ်းမြဆိုတဲ့ ကလေးလေးတစ်ယောက်
လက်ဆောင်ရခဲ့ ။
ဒီမြို့ကို
(ကျွန်တော့်မှာ အတ္တဆိုလို့
မခင်ဦးကို ချစ်တာတစ်ခုပဲရှိပါတယ်ဗျာ) ဆိုတဲ့
တာကောဒီးနဲ့ ထွန်းနိုင် ဇာတ်ကောင်တွေရဲ့
ဗန်းမော်တင်အောင် နေထိုင်ခဲ့ ၊
ဒီမြို့ကို
ကျုံးနဲ့  မြို့ရိုးက ကာရံထားပြီး
မြို့ရိုးနဲ့ ကျုံးကိုစပါးခင်းတွေက ကာရံထား
ဒီမြို့ကို ခေတ်တစ်ခေတ်အဖြစ်
သမိုင်းကြောင်းပြောင်အောင် ဆေးကြောခဲ့ကြသော
လူပုဂ္ဂိုလ်ကျော်တို့အား ဦးညွတ်ပြီး
ဒီမြို့သားတစ်ယောက်အနေနဲ့ ဂုဏ်ယူရင်း
ဒီကဗျာကို ရေးလိုက်ပါကြောင်း . . . . . . . . 

                                    အောင်လွန်းမြိုင်
                                ကေတုမတီ မဂ္ဂဇင်း ။
                                   တွင်ဖေါ်ပြပြီး ။





ကေတုမတီပန်းချီ(၃)ယောက်
                                           
တစ်ယောက်က
ကိုယ်ထူကိုယ်ထ
လမ်းတို့ရဲ့ လမ်းပြပိတ်ကားစကို
ဖြန့်ကျက်ချလိုက်တယ် ။
                                    
တစ်ယောက်က
ဒုတိယခေတ်ဆီအစချီပုံဆန်းကြယ်
လက်မထိပ်ကအပ်သွားရာ
ခုပြောရင်  ခုဖြစ်နေသလိုပဲ ။
                                    
အဲ့သလို
ယုံကြည်ရာရဲရင့်လက်များရဲ့ 
ဓါးခြစ်ပန်းချီကားထဲက
ငါတို့ တတွေ
လာခဲ့ကြတာပေါ့ ။
                                    
တစ်ယောက်က
အချစ်လည်းဆုံးခဲ့တယ်၊
စစ်လည်းရှုံးခဲ့တယ်၊
တောင်ကညိုလို့ မိုးပြိုခဲ့ရလေသူ
အလွမ်းနဲ့ သစ္စာမဖေါက်ဝံ့သူ၊
သစ္စာနဲ့ ကျမ်းဘယ်လောက်ဆူဆူ
ကဗျာ့ဧကရာဇ်
တစ်ခေတ်ပြီးတစ်ခေတ်
စီးနင်းသိမ်းပိုက်ခရီးတွင်စေသူ
သစ္စာသစ်နဲ့ လမ်းဖေါက်ခဲ့လေသူ
ဝေဒနာတူရင် ရနံ့ဟာမွှေးမြမြဲ ၊
                                    
ဤသက်သေဖြင့်
အသက်တွေ မသေကြတော့ပါ ။…………………..။
                                                         ရန်လင်းအောင်
                                     (၁၆,၁,၂၀၁၂)
                              (ကေတုမတီ မြို့တည်နန်းတည်
                              နှစ်  (၅၀၂) ပြည့်သို့  အမှတ်တရ)
                             မြစ်ငယ် ရာပြည့် ၊မဂ္ဂဇင်း၊ ၂၀၁၂ တွင်
                                        ဖေါ်ပြပြီး။






တောင်ငူခေတ်

လက်မထိပ်
ရဲစိတ်ကို အပ်သွားတဆုံး
အားကုန်ရိုက်သွင်းချလိုက်တယ် ၊

ရာဇ၀င်ငှက်များ ……
လန့်ပျံသွားကြ ၊

အပြုံးမပျက်
တစ်ချက်မတွန့်တဲ့ လက်ဟာ
ရတုနယ်ကိုပါ သိမ်းခဲ့တယ် ။       
 
    ရန်လင်းအောင်
      (30.8.2012)









မြို့ ပေါ်ကမြစ်

အောက်မေ့ဖွယ်ရာ   နေ့စွဲများ
အောက်မေ့ဖွယ်ရာ   နှလုံးသားများ
အောက်မေ့ဖွယ်ရာ   လမ်းမများ
အောက်မေ့ဖွယ်ရာ   လမ်းသွယ်များ
အောက်မေ့ဖွယ်ရာ   ရုပ်တုများ . . . . . . .

အောက်မေ့ဖွယ်ရာ   ပန်းခြံများ    
အောက်မေ့ဖွယ်ရာ   ကျောက်တိုင်များ
အောက်မေ့ဖွယ်ရာ   အတောင်ပံများ
အောက်မေ့ဖွယ်ရာ   ကြယ်စင်များ . . . . . .

မမောဘူး၊ မနွမ်းဘူး
မနားဘူး ၊
ဘယ်လိုအလင်းမှ
အရိုးပြာဖြစ်တယ် . . . . မကြားဖူးဘူး ။  

မသိလည်း   ရှိတဲ့၊       ကျေးဇူးများ   . . . . .
မမီလည်း   ရတဲ့၊        ကျေးဇူးတရား        . . . . . .

ရှုလိုက်
နဲနဲအားစိုက် ရှုကြည့်လိုက်
ရှုလိုက်တဲ့ အသက်တိုင်း
ဒီလက်တွေပေါ်
ကြီးပြင်းလို့
ဒီလက်တွေပေါ်
အားသွေးလို့  ။ - - - - - - - - - -  -။

                      ရန်လင်းအောင်
                   ၂၀၁၀ ၊ဇန္န၀ါရီလ
        ရွှေလက်ဆင့် (ဖြူးမြို့နယ်) မဂ္ဂဇင်း ၊
              တွင် ဖေါ်ပြပြီး ။