Saturday, June 13, 2015

ကဗျာဆရာအောင်ဘညို ဈာပနသတင်း

ကဗျာဆရာအောင်ဘညို ၏ သမီး နှင့် သား

ဆရာ အောင်ဘညို ဈာပနအား ရေဝေးသုဿာန်တွင် ပြုလုပ်ခဲ့
ဦးမောင်မောင်ဇော် (ကဗျာဆရာ အောင်ဘညို) သည် ၁၀-၆-၂၀၁၅ နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ကွယ်လွန်သွားရာ သူ၏ ဈာပနကို ၁၂-၆-၂၀၁၅ နေ့တွင် ရေဝေးသုဿာန်၌ ညနေ ၄ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။  ကဗျာဆရာအောင်ဘညိုကိုချစ်ခင်သော ရန်ကုန်၊ မန္တလေး၊ တောင်ငူ နှင့် အနယ်နယ်အရပ်ရပ်မှ ကဗျာဆရာများ၊ စာရေးဆရာများ၊ ကာတွန်းဆရာများ၊ ပန်းချီဆရာများ ၊ အနုပညာနှင့် နိုင်ငံရေးအသိုက်အဝန်းမှပုဂ္ဂိုလ်များ မြောက်များစွာ ကဗျာဆရာ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်နှုတ်ဆက်ကြသည်။ 
ကဗျာဆရာ အောင်ဘညိုကို မန္တလေးလှည်းတန်းတွင် မွေးဖွားခဲ့ပြီး မရမ်းခြံ၊ ဧရာဝတီမြစ်ကြီးဘေးကြီးပြင်းခဲ့သည်။ မူလ တန်းကို ဦးဘညွန့်ကျောင်း၊ အထက်တန်းကို ပွဲကုန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ သူရဲ့ ပထမဆုံးကလောင်အမည်မှာ နွေသစ်မင်းဖြစ်ပြီး ၁၉၈၅ တွင် နွေသစ်မင်း၊ မင်းထက်ချစ် နှစ်ယောက်တွဲပြီး ရင်ခုန်နေ သော လက်များ ကဗျာစာအုပ်ထုတ်ဝေခဲ့သည်။ ၁၉၈၆၊ ၁၉၈၇ တွင် အောင်ဘညိုကလောင်အမည်ပြောင်းခဲ့သည်။ ၁၉၈၇ တွင် “ငယ်ငယ်တုန်းက ဒေါင်းဖတ်စာ ” ကဗျာစာအုပ်ထုတ်ဝေခဲ့သည်။ ရန်ကုန် လှည်းတန်း ဦးထွန်းလင်းခြံလမ်းအဆောင်တွင် ကိုမုတ်သုန်၊ ကာတွန်းဝင်းအောင်တို့နှင့် အတူနေခဲ့သည်။ ပိတောက်ပွင့်သစ်၊ ရုပ်ရှင်တေးကဗျာ၊ ဟန်သစ်၊ ရွှေဝတ်ရည် စသည့်မဂ္ဂဇင်းများတွင် ဂီတဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၉၁/၉၂ တွင် ကမ်းလွန်လေ ကဗျာမဂ္ဂဇင်း၊ ၁၉၉၄ တွင် ပန်းနုရောင်ဆံပင်များ၏ ချည်တိုင် စုပေါင်းကဗျာစာအုပ်၊ ဧကစာ မီးခိုးများ လေးယောက်တွဲ၊ တကိုယ်တော်အနေနဲ့ အသံတူအရောင်များ၊ ငါးဆယ်/ငါးဆယ် ထုတ်ဝေခဲ့ပြီး ၂၀၁၃ တွင် ကမ်း လွန်လေ ကဗျာမဂ္ဂဇင်းပြန်လည်ထုတ်ဝေခဲ့သည်။ ကလောင်ခွဲများမှာ မောင်ဇော်၊ မိုဟန်ဂျိုနာ၊ မာဆိုး၊ သားဥ၊ ဝေယံမင်းညို၊ တင်မိုးမြိုင် ဖြစ်သည်။