Wednesday, February 3, 2016

လူ အရိုး - ဆလိုင်းမြတ်နိုးသူ



လူ အရိုး

___________________________________

နောင်နှစ်ပေါင်းကြာတဲ့အခါ ငါ့အရိုးကို လူတွေပြန်တွေ့လိမ့်မယ်
စက်ကြီးတွေ တစ်ခုပြီးတစ်ခုနဲ့ တူးဖော် ရှင်းလင်းတာပဲဖြစ်ဖြစ်
ဘုရားကျောင်းတွေ စာသင်ကျောင်းကြီးတွေ ဆောက်လုပ်ကြတာပဲဖြစ်ဖြစ်
တနည်းနည်းနဲ့ လူတွေဟာ ငါ့အရိုးကို တွေ့ သွားကြမယ်
စက်မောင်းသမားတစ်ယောက်ကလည်း
ငါ့အရိုးကို တွေ့ သွားနိုင်တာပဲ
ခွေးတစ်ကောင်ကလည်း ငါ့အရိုးကို ကိုက်နေနိုင်တာပဲ
စည်းကမ်းမရှိတဲ့ တာဝန်မသိတဲ့ စက်မောင်းသမားတော့ မရှိဘူးလို့ ငါယုံတယ်
လမ်းပေါ်မှာ ခွေးလေခွေးလွင့် တစ်ကောင်မှ
ရှာမတွေ့ ရအောင်
ငါ့မြေးမြစ်တွေဟာ စည်းကမ်းရှိကြလိမ့်မယ်
ငါ့နိုင်ငံတော်အပေါ် ငါ့မျှော်လင့်ချက်ဟာ ကြီးမားတုန်းပဲ
ငါ့အရိုးကို ဘယ်လောက်ရိုက်ရိုက် ဘယ်လောက်ချိုးချိုး
ငါ့နိုင်ငံတော်အပေါ် ငါ့အရိုးဟာ သစ္စာရှိနေမှာပဲ
ငါ့လက်သူကြွယ်မှာ လက်စွပ်ရှိနေရင် ငါ့ကိုတွေ့ ရှိသူဟာ ပျော်နေလိမ့်မယ်
သူ့ မျက်လုံးတွေဟာ တလက်လက်တောက်ပနေလိမ့်မယ်
သူဟာ ငါ့အရိုးစုကို ကျေးဇူးတင်ကြောင်းပြောပြီး ပျော်နေလိမ့်မယ်
သူ့ မှာ ကျောင်းထားပေးရမယ့် ကလေးတွေ ရှိနေနိုင်တယ်
သူဟာ ဆာလောင်မွတ်သိပ်နေတဲ့ လူလည်းဖြစ်နေနိုင်တယ်
ငါကတော့ ငါ့အရိုးကို သူမတွေ့ ဖို့ 
သူ့ လိုလူလည်းမရှိဖို့ ဆုတောင်းတာပဲ
ခက်တာက အခုထိ ငါ့မှာ ဘာလက်ဝတ် လက်စားမှ ရှိမနေဘူး
ငါ့အရိုးကို မြင်တဲ့လူတွေဟာ လူရိုးမှန်းသိကြရင်တော့
ကြောက်လန့် ရွံရှာနေကြမှာပဲ
ငါ့အရိုးသယ်ဆောင်လာတဲ့
သတ္တ၀ါကို  မေတ္တာပို့နေကြလိမ့်မယ်
လူရိုးမှန်းမသိကြရင်တော့ ကောင်းတာပဲပေါ့
ကဗျာဆရာတစ်ယောက် ငါ့အရိုးကိုတွေ့ ရင်တော့
ခေတ်ပြိုင်ကဗျာကောင်းတစ်ပုဒ် ရနိုင်တာပဲ
သုတေသီတစ်ယောက် ငါ့အရိုးကို တွေ့ မိရင်တော့
စဉ်းစားခန်းဝင်နေတော့မှာပဲ
ငါ့အရိုးကိုကြည့်ပြီးသူဟာ အမျိုးမျိုးမှတ်ချက်ချနေလိမ့်မယ်
ငါဟာ ဘယ်လိုသေခဲ့တယ်ဆိုတာတွေ
ငါဟာ ဘောလုံးသမား ငါဟာအဆိုကျော် ငါဟာစိတ္တဇ
ငါဟာ ရောဂါသည် ငါဟာ သူဆင်းရဲ သူပုန်
ငါဟာ အာဏာရှင် စသည်ဖြင့် သူဟာတွေးနေမှာပဲ
ငါ့အရိုးမှာ အဓိပ္ပါယ်တွေ အများကြီးရှိနေနိုင်ပါတယ်
ငါ့အရိုးမှာ ဘာတစ်ခုမှ မရှိသလို
ငါ့အရိုးနဲ့ ငါဟာ ဘာမှမပတ်သက်တော့ကြောင်းလည်း
သူ့ ကိုသိစေချင်တာပါပဲ
ဖွင့်မဖတ်ရသေးတဲ့ စာအိတ်လေးလို
ငါမသေခင် ငါ့အရိုးနဲ့ ဒီကဗျာကို ရေးဖြစ်ခဲ့ပါတယ်။

ဆလိုင်းမြတ်နိုးသူ

တိုက်ပုံအိတ်ကပ်ထဲမှာ မင်နီရှိတယ် ။ ကိုသားကြီး



တိုက်ပုံ အိတ်ကပ်ထဲမှာ မင်နီရှိတယ်


ငါတို့အဆုတ်ထဲ ဝင်လာတဲ့လေ မှာ
မြေဖြူနံ့ဟာ အခြေခံကျကျ
စွဲမြဲသန့် တယ် ။
ငါတို့ အသံတွေ တိမ်ဝင်လေလေ
ငါတို့ အနာဂတ်တွေ ကျယ်ပြန့်ကြီးမား လေလေ ဆိုတော့
ဝ လုံးလေး ရေးတာ ဟာ ကမ္ဘာကြီးဖြစ်လာ
က ကြီးလေးအသံထွက်တာ ဟာ ကမ္ဘာကြီးဖြစ်လာ
မရိုးနိုင်တဲ့ အသစ်ကဗျာ ။
ငါတို့ ကိုယ်တိုင် ရှို့တဲ့မီးဟာ အလင်းသီးသန့် ဖြစ်ဖို့
ငါတို့ အဆုတ်တွေ မြေဖြူနဲ့လောင်စာဖြည့်မယ်။
အဲ့ဒီ လမ်းလေး ဖြောင့်တန်းစွာ လှဖို့
ချွေတာရေး စနစ်ကို လက်တွဲမဖြုတ်ခဲ့ဘူး။
အနာဂတ် ပီတိကို မျှော်လင့် တဲ့ အခါ
တပည့်တွေ ဟာ ငြိမ်းချမ်းရေး တည်ဆောက်သူတွေ ဖြစ်လာ ။
တပည့်တွေဟာ
သစ်ပင် စိုက်သူတွေ ဖြစ်လာ။
တပည့်တွေဟာ လူမှန် နေရာမှန်
ဖြစ်လာတော့ မှာ ။ ။

ကိုသားကြီး 

အူသံ ( ၁ ) - နီဇူလိုင်



ပန်းချီ - နီဇူလိုင်


အူသံ - ၁

_________________

မကောင်းဆိုးဝါးတွေကခုန်
ဘီလူးတွေလူရေခြုံတော့
ပြာပုံထဲကပဲ
ဆွဲဆွဲငင် … … … … …

နီဇူလိုင်

( ၃.၂.၁၆)

ပျံသန်းခြင်းများ ၊ လွင်နောင်နောင်



ပျံသန်းခြင်းများ

_______________________

အပြောကျယ်ကျယ်
လောကဓံကြီးတစ်ခုကောက်ရတယ် ။

နိမ့်တဲ့သစ်ကိုင်းမှာ ထိုင်တယ်
မြင့်တဲ့သစ်ခက် လှမ်းဆွဲတယ်

လေတဟူးဟူးတိုက်ခတ်

နွေလည်းနွေ
မိုးလည်းမိုး
ဆောင်းလည်းဆောင်း … …

အတောင်ညောင်းတာလဲရှိ
အရောင်ပြောင်းတာလဲရှိ
ငြိတွယ်မှုတွေနဲ့ ကမ္ဘာပေါ်
အော်လိုက် ဟစ်လိုက်
တိုးတိုက်လိုက်။ ။

လွင်နောင်နောင်