Saturday, August 24, 2013

လူနှစ်ဦး နဲ့ ကဗျာတစ်ယောက်




 
မိုး+တွင်း

ဘယ်လိုခေါင်းစဉ်မျိုးအောက်
ကိုယ့်ကိုယ်ကိုနေရာချထားရမှန်းတောင်
မသိတတ်သေးတဲ့အရွယ်က စလို့
တစ်ယောက်ယောက်ပေးတဲ့
ခေါင်းစဉ်အောက်မှာ
ကိုယ်ရေးကိုယ်တာ အမနာပ သတင်း
မတော်မတရား အဖွခံလိုက်ရသလို            (ရလအ)
ဟောဒီ တွင်းနက်နက်ထဲ
ဓာတ်ကြီးလေးပါးစလုံး အဖတ်ဆည်မရ
ပျော့ တွဲ
           အိ
               ကျ
                    ယို
                         စိမ့်
                               စီး
                                    မျော
စိတ်ကူးတွေတောင်ပေါလောပေါ်လို့ ။          (မညလ)

ရေငွေ့ရိုက်မှန်သားပြင်ပေါ်
နေရောင်ပျပျဖြတ်အပြေးမှာ
မဟာလင်းပြက်မှုလား ထင်မှတ်မှားကြရ ၊      (မညလ)
လုံးကြီးပေါက်လှ ၀ဋ်ဇယားတွေနဲ့
ဝတ္တရားတွေကလည်း  လေလုံးမကွဲပြန်ဘူး ၊   (ရလအ)
ငါ့ဦးခေါင်းလည်း
မိုးရေစိုရွှဲနေတဲ့အဘိဓာန်ကြီးပေါ့ ၊                 (မညလ)

ထိရဲရင် ထိကြည့် မီးပွင့်မယ်တကဲကဲ
မထိရဲရင်လည်း ကျွတ်ကျဲရမယ့်
ခေတ်ကြီးထဲ
ကြိုးစားပြီးသွား
ကြိုးစားပြီးရပ်
ကြိုးစားပြီးထိုင်
ကြိုးစားပြီးအိပ်
တိတ်တိတ်နေလည်း
အဖိတ်အစင်က မနိုင်ဘူး
အခါခါခွဲ မ တာတောင် ပုဆိုးကျွတ်ကျန်မယ့်အဖြစ် ၊    (ရလအ)

"ရှင်နေမင်း လင်းပါလေ..."
သီချင်းလေးတစ်ပိုင်းတစ်စနဲ့
စိတ်နဲ့ကိုယ်မြဲအောင်တွဲနေရတော့တာ... ။             (မညလ)


                                        မင်းညွန့်လှိုင် + ရန်လင်းအောင်


Thursday, August 22, 2013

ဝါခေါင်လပြည့်၊ မေတ္တာအခါတော်နေ့ ။


" မေတ္တာအကြောင်း "

မေတ္တာဟူသော အမည်နာမဖြင့် စေတသိက် သီးခြားမရှိချေ။ရှေ့၌ ပြခဲ့သော အဒေါသ-စေတသိက်ကိုပင် သတ္တ၀ါများ၏
စီးပွားချမ်းသာ လိုလားချစ်ခင်ရာ၌ “မေတ္တာဟု ခေါ်ဝေါ်ရပေသည်။ထို့ကြောင့် “မှတ်ယူချစ်ငြား-မေတ္တာပွား၍ဟု ဆိုခဲ့သည်။ သို့ဖြစ်၍တစ်ယောက်ယောက် အပေါ်ဝယ် သူ၏ အကျိုးစီးပွားကို လိုလားသော (ကြီးပွားအောင် စောင့်ရှောက်ကူညီလိုသော) ချစ်ခင်မူကိုမေတ္တာဟု မှတ်ပါ။

မေတ္တာအတု

ဆွေချစ် မျိုးချစ် သမီးခင်ပွန်းချစ်စသော အချစ်များလည်း တစ်ယောက်အကျိုး တစ်ယောက်ကလိုလားကြ၊ကူ ညီစောင့်ရှောက်လို ထောက်ပံ့လိုကြ၏။ ထိုကဲ့သို့ချစ်နေသူအပေါ်၌ “မေတ္တာရှိသည်ဟုလည်း ပြောဆိုကြသည်။
သို့သော် ထိုအချစ်မျိုးမှာ မေတ္တာအစစ် မဟုတ်၊ လောဘခန်း၌ပြခဲ့သော “ဂေဟဿိတ ပေမ =အိမ်၌မှီသောအချစ်တည်း။ရှေးတုန်းက ဒါယကာတစ်ယောက်သည် “မေတ္တာပွားသောအခါမည်သူက စ၍  ပွားများရပါသနည်းဟု ဆရာ့အထံ လျှောက်လေရာ၊ဆရာက “မေတ္တာအရှိဆုံးသူကစ၍ ပွားများရမည်ဟု မိန့်သဖြင့်
ညဥ့်အခါ အိပ်ခန်းအပြင်ဘက်၌ ထိုင်၍ သူ၏ ဇနီးကို ရည်မှန်းလျက်မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းလေလျှင် ဇနီးအပေါ်၌ ချစ်ခင်မူ တိုးလာရကားချက်ချင်းထ၍ ဇနီးအထံ သွားလေသည်။သို့သော် အတွင်းက မင်းတုပ်ထိုးထားသဖြင့် ၀င်ခွင့်မရသောကြောင့် နံရံကို ဦးခေါင်းဖြင့် ဝှေ့ကာမေတ္တာ၏ အကျိုးကို ခံစားနေရှာသတဲ့။ ထို့ကြောင့် ထိုအချစ်မျိုးကို “ဂေဟဿိတပေမဟု မှတ်ရမည်။

(နွားမကြီး၏ မေတ္တာ)
ထိုတဏှာပေမမျိုးဖြင့် ချစ်ခင်နေသူ၏ အပေါ်မှာ “မည်သည့် အခါမျှမေတ္တာအစစ်ကုသိုလ်စိတ်မဖြစ်နိုင်ဟု မဆိုထိုက်ပါ။ မကြာမကြာမေတ္တာအစစ်ကုသိုလ်ဖြစ်သောအခါလည်း ရှိနိုင်ပါသည်။ရှေးသောအခါမိခင်နွားမကြီးသည် မေတ္တာအစစ်ဖြင့် သားငယ် နွားကလေးကို နို့ချိုတိုက်ကျွေးနေစဉ်မုဆိုးက လှံဖြင့် ထိုးသတ်လေရာ မေတ္တာတန်ခိုးကြောင့် လှံမ
စူးဘဲထန်းရွက်ကဲ့သို့ ပျော့ကျသွားလေသတဲ့။ ဤသို့လျှင် ဆွေမျိုးဉာတိသားသမီး ဇနီးမောင်နှံတို့၏ အတွင်းမှာလည်း အချင်းချင်း မေတ္တာအစစ်များ ဖြစ်နိုင်ကြပေသည်။

(သာမာဝတီ၏ မေတ္တာ)                              

ကောသမ္ဗီပြည်ဥတေနမင်းဝယ် သာမာဝတီ၊ မာဂဏ္ဍီ၊ ၀ါသုလဒတ္တဒေ၀ီဟု မိဖုရားကြီး၃-ယောက်ရှိသည်။ သာမာဝတီသည် ရတနာသုံးပါးကို ကြည်ညို၏။မာဂဏ္ဍီကား မိဖုရားမဖြစ်ခင် အပျိုစင်ဘ၀ကပင် ဘုရားရှင်အပေါ်မှာရန်ငြိုးထားခဲ့သော ပုဏ္ဏေးမကလေးတည်း။ ထို့ကြောင့် မာဂဏ္ဍီသည်သာမာဝတီအပေါ် အမြဲအပြစ်ရှာ၏။သာမာဝတီကား မေတ္တာတရား
အထူးပွားများနေသူဖြစ်သည်။ ဥတေနမင်းသည် မိဖုရား ၃-ယောက်တို့၏ အဆောင်ဝယ်တစ်လှည်စီစံစားကာ စောင်းတီး ၀ါသနာပါသောဘုရင်တစ်ဦးတည်း။အခါတစ်ပါး၌ သာမာဝတီ အထံ အဆောင်တော်ကူးရန် နီးလေသော် မာဂဏ္ဍီသည် သူ၏ ဘထွေးထံ အဆိပ်ပြင်းသောမြွေကိုမှာ၍ အဆိပ်ကို ဖြေစေလျက် စောင်းခွက်အတွင်းသို့ သွင်းထားလေသည်။ထို့နောက် အပေါက်ကို ပန်းကုံးဖြင့် ပိတ်ဆို့ထားပြီးမှ ဘုရင့်ထံသွား၍ အိပ်မက်ရာမက် မကောင်းသောကြောင့် သာမာဝတီအဆောင်
မကူးဖို့ရန် မိန်းမတို့ ပင်ကိုဉာဏ်ဖြင့် သံတော်ဦးတင်လေသော် ဘုရင်ကဂရုမစိုက်ဘဲ သာမာဝတီ၏ အဆောင်သို့ ကူးသွားလေရာ၊ စိတ်မချသည့်ဟန်ဖြင့် နောက်က အတင်းလိုက်သွားလေသည်။အဆောင်တော်ရောက်၍ဆက်သသော ပွဲတော်ကို တည်ပြီးနောက် သလွန်ပေါ်၌ လျောင်းသည့်အခါမယောင်မလည်နှင့် သူပိတ်ဆို့ထားသော ပန်းကုံးကို နုတ်လိုက်လေသည်။ထိုအခါ ထည့်ထားသော မြွေသည် အလွန်စိတ်ဆိုးနေရကား ရှူးခနဲထွက်ခါဘုရင့်ဦးခေါင်းအနီးသို့ ရောက်လာလေသော် အလွန်ထိတ်လန့် စိုးရိမ်ဟန်ဖြင့်ရှင်ဘုရင်ကိုပြ၍ သာမာဝတီနှင့် မောင်းမတစ်စုကို ကြိမ်းမောင်းပြီးလျှင်ဘုရင်ကိုသူ့စကားကို နားမထောင်သဖြင့် ယခုဖြစ်ရသည်ဟု အပြစ်တင်လေသည်။ဥတေနမင်းကား မာဂဏ္ဍီစီစဉ်သမျှကို လုံးဝနားမလည်ခြင်းကြောင့်လွန်စွာ ထိန်လန့်၍ ရာဇမာန်ရှလေရကား “မင်းတို့မျက်စောင်း အကြောင်းမရွေး တော့ဘဲ ကိုင်နေကျ လေးကိုတင်ကာ သာမာဝတီတို့ အစုကို စီတန်း
စေလျက် ပစ်ဖို့ရန် ကြိမ်းဝါးနေတုန်းမှာပင်သူတော်စင် ထိပ်ထားလေးကသူ၏ မောင်းမမိဿံများကိုသြ၀ါဒ ပေးသည်မှာ---“အမိ တို့ မောင်တော်မင်းမြတ်နှင့် မာဂဏ္ဍီတို့အပေါ်မှာ အနည်းငယ်မျှ စိတ်မကွက်ကြနဲ့နော်။ ယခုလိုအခါမျိုးမှာ မေတ္တာမှတစ်ပါး အားကိုးစရာ မရှိပေဘူး။ အမိတို့ ပွားများနေကျဖြစ်သော မေတ္တာကိုသာ မောင်တော်နှင့် မာဂဏ္ဍီတို့အပေါ်မှာ ကြိုးစား၍
ပွားများကြပါဤသို့ တိုက်တွန်းလေလျှင် ပင်ကို ယဉ်ကျေးပြီးသော မောင်းမများဖြစ်သည့်အတွက် နီးကပ်သော အသက်ဘေးကို အရေးတကြီး မစဉ်းစားဘဲ မေတ္တာကိုသာ ပွားကြလေသည်။ ဥတေနမင်းကား အမျက်မပြေနိုင်သေးသဖြင့် ချိန်ရွယ် ထားသော မြား ကို တအားကုန်လွှတ်လိုက်လေရာ မေတ္တာတန်ခိုးကြောင့် မြှားအရှိနိ ရှေ့မတိုးဘဲ ပစ်သူ့အထံမြားပြန်၍ ခ,လေသော်
ဥတေနမင်း သတိရ၍ မိဖုရားခြေရင်း၌ထိုင်ကာ သည်းခံဖို့ရန် တောင်းပန်ရှာလေသည်။

(၀တ္ထုမှတ်ချက်)

မာဂဏ္ဍီမှာ သာမာဝတီ၏ အပေါ်၌ ကိုယ့်ထက်သာ၍ မနာလိုသောဣဿာစိတ်၊ ပရိယာယ်ဉာဏ်ဆင်ရသော မာယာစိတ်၊
သေစေလိုသော ဒေါသစိတ်များဖြစ်၏။ဥတေနမင်း၌ မြွေကို သေစေလိုသောဒေါသစိတများဖြစ်၏။ဥတေနမင်း၌ မြွေကို မြင်ရသည်က
စ၍ ဒေါသစိတ်မွှန်ကာ မြားပြန်လာသော အခါကျမှ လွန်စွာ ကြောက်ရွံ့သော ဒေါသ ဒေါမနဿစိတ်များ ဖြစ်ရပြန်သည်။ မောင်း မအများနှင့်တကွ သာမာဝတီထိပ်ထားကား ရန်သူ့အပေါ်၌ပင် မေတ္တာစိတ် ထားနိုင်ပေသည်။(နည်းယူဖွယ်)ယခုကာလ           သူတော်ကောင်း အမြင့်တန်းကို မှန်းထားရင်း ရှိသူများမှာလည်းသာမာဝတီ ထိပ်ထား၏ ထုံးကို နှလုံးသွင်းလျက် မိမိအပေါ်မှာ မတော်မတရားဣဿာမစ္ဆရိယများ သူများကိုပင် အတုံ့ပြန်၍ ရန်မမူမိစေဘဲ မိမိစိတ်ကိုသာကောင်းသည် ထက် ကောင်းအောင် ပြုပြင်ကြပါ။အကျိုးဆောင်ခွင့် ကြုံလာလျှင်အဖိုးတန်လှစွာသော မေတ္တာလက်နက်ကို အချက်ကျကျ သုံးစွဲသင့်ပါသည်။
(မေတ္တာသည် ရေနှင့်တူ၏။ ဒေါသမီးသည် မီးနှင့်တူ၏။ ရေများလေ မီးငြိမ်းလေ။
ထို့ကြောင် ဒေါသနည်းအောင် မေတ္တာတိုးပွားဖို့ ကြိုးစားသင့်ကြပါသည်။)


♣ မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ♣
အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ.....





ကောင်းကင်မဆံ့တဲ့ ကြယ်မင်းတာရာ ........

ကောင်းကင်မဆံ့တဲ့ ကြယ်မင်းတာရာ ....





ရုပ်ပုံလွှာများနဲ့ ဖွဲ့ နွဲ့သူတို့
ပြန်လည်တွေ့ဆုံခန်း

(၁)
ဟေ့ တာရာ လာကွ
မင့်မလဲကွာ ဆရာ့လိုပဲ
မသေခင်
ငြိမ်းချမ်းရေးလေးမြင်ရမလားမှတ်တယ်
သေမှပဲငြိမ်းချမ်းတော့သကိုးကွ။

(၂)
ဌေးမြိုင်ရေ
မောင်ရင်ကကိုယ့်ကို အရိုင်းလို့ရေးတယ်
ခု တကယ့်အရိုင်းတွေတွေ့ခဲ့မဟုတ်လား
ဒီမှာ စန္ဒယားတော့မရှိဘူး
စောင်းကောက်သာတီးပေတော့
ဟား ဟား ဟား ။

(၃)
ကိုဌေးမြိုင်
ခင်ဗျားနဲ့ကျွန်တော်
ရှမ်းပြည်ရဲ့လရောင်မှာ
ဖမ်းစားမခံခဲ့ရဘူးဆိုရင်
ဗမာပြည်ရဲ့ရာဇဝင်ဟာ
တစ်မျိုးတစ်ဖုံဖြစ်ခဲ့မှာပဲ ။

(၄)
အော်...ကိုဌေးမြိုင်ရယ်
ခင်ဗျားလည်း ခုမှပဲ
တကယ့်ဆဲလ်လေးထဲရောက်တော့တယ်နော်
ကျွန်တော့်နောက်ဆုံးအိပ်ယာကို
ခင်ဗျားပုံစံထုတ်ပေးခဲ့တယ်
အေးဗျာ
ခင်ဗျားရဲ့နေရာက
ဆရာကြီးမှိုင်းဘေးနားဖြစ်သင့်တာဗျ။

(၅)
ရုပ်ပုံလွှာတွေ
ရုပ်ပုံလွှာတွေ
ရုပ်ပုံလွှာစာအုပ်ထဲက
တန်းစီထွက်လာတဲ့
အဖြူဆွတ်ဆွတ်ရုပ်ပုံလွှာတွေ
ဖွဲ့ နွဲ့သူကိုဆီးကြိုနှုတ်ဆက်ရင်း
အကြည့်တွေ
နေရာဟောင်းဆီထိုးစိုက်လိုက်ကြရာ
ရေတိမ်နစ်ရင်း
ခေါင်းမီးတောက်နေပါရောလား ။        

                                              မင်းညွန့်လှိုင်


ဒဂုန်တာရာ (သို့မဟုတ်) ပန်းနုရောင်အိုကြယ်

တကယ်တော့ကြယ်ဆိုတာဟာ ကောင်းကင်ဖွားပေပဲ
ဒီမြေပေါ်မှာဒီလူတွေရဲ့ ဒုက္ခနဲ့ သူ့အသည်းကွဲဖို့
ဒီမြေပေါ်မှာဒီအမှောင်တွေကိုသူ့မှော်အလင်းနဲ့လောင်စားပစ်ဖို့
ရာစုနှစ်တစ်ခုနီးပါး လူသားအဖြစ်ဝင်စားခဲ့လေတာ
ကျေးလက် မြို့ ပြ တက္ကသိုလ် နရသိန် နိုင်ငံတကာလှည့်လည်ကာ
နေရောင် လရောင် ရွှေရောင် မြရောင် ပပကြိုးကြွတွေ
ဝေါ့ဒစ္စနေအပြာ ဂိုဂင်အနီ ရိုးမအစိမ်းနဲ့ရွှေအိုရောင်တွေ
ပန်းစကြာမှန်ပြောင်းလှည့်သလို ဖျတ်ခနဲဖျတ်ခနဲ ဇာတ်ဝင်ခန်းတွေ
မမောမပန်း ရမ္မက်ကြီးစွာ အာသာငမ်းငမ်း အငမ်းမရ
စာလုံး ဆေးစက် နဲ့ စန္ဒယားခလုတ်တွေကို အလှပဆုံးကြွေအန်ကစားခဲ့
မိုးအောက်မြေပြင်မှာ ချိုးဖြူကူသံဝေစေချင် ကြာပန်းရေစင်လန်းစေချင်
မှိုင်းရဲ့ခြေရာ ထပ်ချပ်မကွာ မီးစာကုန်ဆီခန်းတဲ့အထိ
အတောက်ပဆုံး အမြင့်မားဆုံး ထိန်ထိန်ညီးညီးလောင်ကျွမ်းခဲ့
အခုတော့မီးခိုးငွေ့အဖြစ်နဲ့ မိုးကောင်းကင်ထံပြန်အပ်နှံရပြီ
သူ့အလှပညာနဲ့သူ့အချစ်တရားဟာ မီးခိုးငွေ့လိုပျောက်ပြယ်မသွား
ဒီမြေကိုရင်ဝယ်သားလို စောင့်ရှောက်သွားမှာပဲ ယုံတယ်။        

                                                                                      မင်းညွန့်လှိုင်




မပြောရမနေနိုင်လို့ပြောတဲ့စကား
ကြယ်မင်းကြီးရဲ့နောက်ဆုံးခရီး

(၁)
ကြေကွဲဖွယ်တိုက်ဆိုင်မှုလို့ပဲဆိုရပါတော့မယ်။တနေ့
ကမှကျွန်တော်ပူပူနွေးနွေးရေးခဲ့တဲ့စာထဲမှာဆရာ့ရဲ့
တရား ဆရာ့စကားကိုကိုးကားခဲ့သေးတယ်။အခုတော့
စစ်တောင်းမြစ်ဝှမ်းကမိတ်ဆွေကဗျာဆရာပို့လိုက်တဲ့
သတင်းစကားဟာကျွန်တော့်ဖုန်းထဲဝင်လာပါရောလား။
                   "ဆရာတာဆုံးပြီ"
                     ၂:၁၀ ညန ၁၉ သြ ။

(၂)
ဒဂုန်တာရာဆိုတာလေးစားအပ်တဲ့စာရေးဆရာ ကဗျာ
ဆရာ အနုပညာဝေဖန်ရေးဆရာ နိုင်ငံရေးအကဲဖြတ်
သူ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းသူ ပြည်တွင်း
ငြိမ်းချမ်းရေးကြိုးပမ်းသူကြီးအဖြစ်အားလုံးသိပြီးသား
ပါဗျာ။တိုင်းသိပြည်သိ နေသိလသိဆိုပါတော့ဗျာ။
             လူတစ်ယောက်အနေနဲ့လည်းယဉ်ကျေးသူ
နူးညံ့သူ ဖြောင့်မတ်သူ ရိုးသားသူ ကိုယ်ကျိုးမရှာသူ
လူ့အဖွဲ့အစည်းကိုသာယာဝပြောစေလိုသူ စတဲ့ စတဲ့
ဂုဏ်ပုဒ်တွေနဲ့ပြည့်စုံသူပါဗျာ။
             ဒါ့အပြင်ဆရာဒဂုန်တာရာဟာ တွေးခေါ်သူ
အဘိဓမ္မာဆရာကြီးလည်းဖြစ်တယ်လို့ကျွန်တော်က
ပြောချင်ပါတယ်ဗျာ။စာပေနဲ့ပတ်သက်ရင်ဆရာ့ရဲ့စာ
ပေသစ်အယူအဆနဲ့ခေတ်ပြိုင်ခံစားမှုဒဿနဟာအင်
မတန်ထူးခြားပြီးသြဇာကြီးပါတယ်။
            ဆရာဒဂုန်တာရာဟာ ခေတ်ကိုထင်ဟပ်ပြီး
ပြည်သူကိုအကျိုးပြုရမယ်ဆိုတဲ့အယူအဆကိုကိုင်ဆွဲပြီး
စာပေသစ်ခေတ်ကိုထူထောင်ခဲ့တာပါ။
            ခေတ်ပြိုင်ခံစားမှုအယူအဆကတော့ မှိုင်းဗေ
ဒကတဆင့်ပေါက်ဖွားတာလို့ပြောနိုင်ပါတယ်။ခေတ်
ပြိုင်လူ့အဖွဲ့အစည်းရဲ့သွေးခုန်သံ လူထုရဲ့နှလုံးခုန်သံကို
ရင်ဘတ်ထဲထည့်ပြီးမှအနုပညာဖန်တီးခြင်းဟာဆရာ
ကြီးသခင်ကိုယ်တော်မှိုင်းထံမှ အမွေဆက်ခံခဲ့တဲ့အစဉ်
အလာဖြစ်ပါတယ်။ပြီးတော့အယူအဆတစ်ရပ်အဖြစ်
ဖွဲ့စည်းကာမျိုးဆက်သစ်တွေထံလက်ဆင့်ကမ်းခဲ့
ခြင်းဖြစ်ပါသဗျာ။
            ဆရာဒဂုန်တာရာကသူ့ကိုယ်သူ နိုင်ငံရေးသိပ္ပံ
ကျောင်းသားရယ်လို့ဖော်ပြလေ့ရှိပါတယ်။တကယ်က
တော့ဆရာဟာနိုင်ငံရေးသုခမိန်ကြီးလည်းဖြစ်ပါသဗျ။
ဆရာ့ရဲ့ ရန်သူမရှိအယူအဆ ဗဟုဝါဒအယူအဆဟာ
ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးမှာ အထူးပဲသြဇာကြီးလှပါ
သဗျာ။

(၃)
ခုတော့ဖြင့်ဒဂုန်တာရာဆိုတဲ့ကြယ်မင်းကြီးဖျတ်ခနဲ
ကြွေလွင့်ခဲ့ပါပြီဗျာ။
ကျွန်တော်တို့ခေတ်ရဲ့ ထူးမြတ်သူလူသားတစ်ဦးရဲ့
နောက်ဆုံးခရီးဟာသာမန်လူတစ်ယောက်လိုဖုတ်ပူမီး
တိုက်နဲ့ပဲပြီးရတော့မှာလား။ဆရာကြီးမှိုင်းရေးသလိုဒေါင်း
ပုဝါအုပ်ပြီးမသင်္ဂြိုဟ်ကြတော့ဘူးလား။တစ်သက်တာ
လုံးစာပေနဲ့ပြည်သူကိုသာအာရုံပြုခဲ့သူကြီးဟာနိုင်ငံ
တော်အဆင့် ပြည်သူ့ဈာပနနဲ့မထိုက်တန်ပေဘူးလား။
ပြီးတော့သူချစ်တဲ့ငြိမ်းချမ်းရေးဗိသုကာကြီးရဲ့နံဘေး
မှာသူ့ကိုလဲလျောင်းခွင့်မပြုနိုင်ကြဘူးလား။
            မိတ်ဆွေများ ပြည်သူများခင်ဗျား
ဟောဒီမေးခွန်းတွေကိုသာကြေကြေကွဲကွဲမေးလိုက်ရ
ကြောင်းပါဗျား ။                 

                                                     ယ မ ထာ



 
            နှမြောဖို့ကောင်းတဲ့လူတွေ

နှမြောဖို့ကောင်းတဲ့လူတွေ
အများကြီးမွေးပါစေ ။
နှမြောဖို့ကောင်းတဲ့လူတွေ
ကျန်းကျန်းမာမာရှိကြပါစေ ။
နှမြောဖို့ကောင်းတဲ့လူတွေ
အသက်ရှည်ကြပါစေ ။
နှမြောဖို့ကောင်းတဲ့လူတွေ
ဘုန်းကြီးပါစေ ။
နှမြောဖို့ကောင်းတဲ့လူတွေ . . .
နှမြောဖို့ကောင်းတဲ့လူတွေ . . .
လွှင့်ပစ်ရက်စရာ တစ်စက်မှမရှိ
မိမိရရ ကျေးဇူးကြီးမားကြပါ၏
ရက်ရက်ရောရော တမ်းတမိပါ၏ ။

ဒါပဲပေါ့
ဘာကမှ
အပျောက်ရိုက်လို့
အစပျောက်မသွား
သေမင်းတောင်မမြင်တဲ့လမ်း
ရဲရဲယုံယုံဖေါက်လုပ်သွားတာ
နှမြောဖို့ကောင်းတဲ့လူတွေပေါ့  ။

                                      ရန်လင်းအောင်
                                         ၁၁၈၂၀၁၃