Wednesday, December 5, 2012

ဆောင်း ..........အောင်လွန်းမြိုင်





ဆောင်း
ပြကွက်တွေ
တစ်ခန်းပြီးတစ်ခန်းစိပ်ခဲ့တယ်
ပြက္ခဒိန်တွေ တစ်ရွက်ပြီးတစ်ရွက် ဖြုတ်ခဲ့တယ် ။

လိပ်စာ အသေအချာ ရေးရက်နဲ့
ငါ့ဆီပြန်မရောက်လာတဲ့ရာသီကို
ငါကိုယ်တိုင်ဆုတ်ဖြဲပစ်လိုက်တယ် ။

သေချာသေချာ လွဲခဲ့တယ်
သေသေချာချာ မှားခဲ့တယ်
လွဲမှားခြင်းတွေနဲ့လည်း သေချာခဲ့တယ် ။
ငါ့ခန္ဓာမှာ ခုတလော
ချွေးစို့လိုက် ဆားပွင့်လိုက်
စိတ်နဲ့ အော်ခေါ်မိတဲ့ လမ်းတစ်လျှောက် 
နှင်းထဲမှာ
ငါ့နာမည်ငါရေးလို့
ငါကိုယ်တိုင် မျိုချလိုက်တယ်

အခုတော့ . . . . . .
ရင်နဲ့မဆံ့အောင်ပွင့်ခဲ့သော
ငါ့အလွမ်းများနဲ့ လိပ်ပြာ
ဆောင်း ဆိုလား . . . . . .
သူ့ အလိုလိုရောက်လို့လာ
နူတ်ဆက်ပြုံးပြကြရုံသာ . . . . . .။       

အောင်လွန်းမြိုင်
ကလျာ မဂ္ဂဇင်း၊ ဇန္န၀ါရီလ ၊ ၂၀၀၆ - ခုနှစ် ။