အောင်ချမ်းသာည
မောင်နီမွန်(၂,၃,၁၉၉၃)
စည်သွတ် လေညှင်း
အာသာပြင်းပြင်းမော့သောက်
အေးခဲလရောင်
ဆာဆာလောင်လောင် မော့သောက်
အဲဒီလိုမျိုးပြတင်းပေါက်
အောင်ချမ်းသာ
မဖေါက်တတ်ခဲ့ပါဘူးတဲ့ ။
သူ့ခေါင်မိုးထက်မှာ
အနည်ပဲထိုင်ရတော့မလို
အခိုးပဲပျံရတော့မလို
အဲဒီလိုမျိုး မြစ်တစ်စင်း
အောင်ချမ်းသာ
မစီးဆင်းတတ်ခဲ့ပါဘူးတဲ့။
သွေကြောပိတ်ရောဂါရ
ငယ်သော်လှ သီဝရီ
အဲဒီလိုမျိုးဧည့်သည်
အောင်ချမ်းသာ
အလည်မဖိတ်တတ်ခဲ့ပါဘူးတဲ့ ။
အလင်းစောင့်နတ်
သောမတ်စ်“အက်ဒီဆင်”
တင်မရမြှောက်မရ
ကမ္ဘာတည်ဦးအမှောင်ည
အောင်ချမ်းသာ
မခွါချတတ်တော့ပါဘူးတဲ့ ။
နည်းပညာအဆီပိတ်
အလှအိပ်
ကျင့်သားရနေတဲ့ မိန်းမ
အဲဒီလိုမျိုးစက်မှုမြို့ ပြ
အောင်ချမ်းသာ
အားမကျတတ်တော့ပါဘူးတဲ့ ။
ကမ္ဘာမြေကိုယ်တိုင်
ပြေနိုင်ခဲအာလျ
အဲဒီလိုမျိုး
counrty စတိုင်နဲ့ နလန်ထ
အောင်ချမ်းသာ
မကုသတတ်တော့ပါဘူးတဲ့ ။
ရောင့်ရဲစိတ်ကို
အိပ်ဖန်စောင့် အလှည့်ကျ
ရိုးအမှု တစ်ကြောင်းဆွဲ
လွဲချော် နောက်ကျ
နှေးကွေးမှု တစ်စုံစာနဲ့
အဲဒီလိုမျိုးငဘ
အောင်ချမ်းသာ
လုံးဝ မဖတ်တတ်ခဲ့ပါဘူးတဲ့။
ပင့်သက် ……..
လက်တစ်ခုပ်စာ . . . လေ
သက်ပြင်းတွေ အကြိမ်ကြိမ်ပြန်မှုတ်ထုတ်
အဲဒီလိုမျိုးလေဆာအဆုတ်
အောင်ချမ်းသာ
မထုတ်ပစ်တတ်တော့ပါဘူးတဲ့ ။
ယာစပါး
အားတိတ်အောင် စောင့်
ဂျီသားရေ
လိပ်ရင်ဘတ်
အားပြတ်အောင် စောင့်
အဲဒီလိုမျိုးစက္ကူဖနောင့်
အောင်ချမ်းသာ
ကျောမအောင့်တတ်တော့ပါဘူးတဲ့
။
ရောင်းတန်းအိပ်မက်တွေနဲ့
ဝဖေါင်း
ရွှေ လိုလို
ပိတောက် လိုလို
အဲဒီလိုမျိုးကျောက်မဆင်ချောင်း
အောင်ချမ်းသာ
ခေါင်းနဲ့ မဝှေ့တတ်ချင်တော့ပါဘူးတဲ့ ။
ဒီးဒူး
လက်ပံပင်ယောင်ဆောင်ထားခဲ့
ခေါင်းတလားတွေ
တဘိုင်းဘိုင်းလဲကျ
(ချားလ်လေဖာရင် ……..ရေ)
အဲဒီလိုမျိုးအနောဖလိစ် မုန်တိုင်းည
အောင်ချမ်းသာ
နေသားမကျတော့ပါဘူးတဲ့ ။
နိမ့်ကျ ၊
ကြေကွဲ ၊
အရာရာ …….. ရယ်ပွဲဖွဲ့ပစ်လိုက်နိုင်စွမ်း
တဖက်ကမ်းခတ်အောင်ချမ်းသာ
အဲဒီလိုမျိုးခေတ်ပြိုင်ရွာ
အောင်ချမ်းသာ
နာမည် မမှတ်မိတော့ပါဘူးတဲ့ ။
မောင်နီမွန်
(၂,၃,၁၉၉၃ - ည - ၁၂း ၄၆)
ခေတ္တ လယ်ဝေး
(ပိတောက်ခင် ကျေးလက်က -သားကြီး ဒီသစ် သို့ အမှတ်တရရေးဖွဲ့)
အောက်ခြေမှတ်စု
၁။ အောင်ချမ်းသာ - ရိုးမတောင်ခြေကျေးလက်
၂။ ငယ်သော်လှ၏။ small
is beauty.
၃။ ကျောက်မဆင်ချောင်း - ပဲခူးရိုးမတောင်ကျချောင်း
၎။ ချားလ်စ်လေဖာရင် - ပြင်သစ်သမားတော် (၁၈၈၀) ခု
အနောဖလိခြင်မှ ငှက်ဖျားရောဂါပိုးတွေ့ရှိသူ
၅။အနောဖလိစ် - ငှက်ဖျားဖြန့် ခြင်မျိုး
၆။ ငဘ - မောင်ထင်၏ ငဘ၀တ္ထုမှ ရိုးအဇာတ်ကောင်
No comments:
Post a Comment