Sunday, October 7, 2012

မောင်သော်တာ အမှတ်တရပေးတဲ့ ကဗျာ (၂) ပုဒ်
























 ရွှေကြက်ယက်

ကရိန်နော်ကမ်းခြေ
စိမ်းလဲ့လဲ့ ကျောက်စက်ရေတွေနဲ့
အေးစက်စက် ကျောက်တုံးဖွေးဖွေးတွေ
အပျိုစင် ရယ်သံလွင်လွင်လေးလို
ရင်ထဲနွေးကနဲ ။

စစ်ကိုင်းတောင် . . . . ဟိုမှာဘက်
ရွှေကြက်ကျ ရွှေကြက်ယက်
နေခြည်ဦး တဖိတ်ဖိတ်လက်
ပုညရှင် ပလ္လင်ဦးမှာ စံပယ်တွေသီလို့
ငွေစင်ယော်ရေ . . . . . . . .
လက်နဲ့ ဖြန့်ကြဲလို့ကျွေးပါ့မယ်
ယာလက်နဲ့ ဖြန့်ကြဲလို့ကျွေးပါ့မယ်
လက်ပြလို့ခေါ်သလို
သဘောင်္ဦးမှာ ငါ့ကို ယစ်မူးစေတတ်ငဲ့ ။

ခပ်လှမ်းလှမ်းစက်ရုံတွေဆီက
မီးခိုး တအူအူတွေ
ကြံမြှုပ်ချေး၊ ကော့စတစ်နဲ့ စွန့်ထုတ်ရေတွေ
အင်ဂျင်မျိုးစုံ စက်သုံးဆီတွေ
ရေပေါ်ဝေ့လို့ ။

ပလပ်စတစ်နဲ့ ကြွပ်ကြွပ်အိတ်တွေ တလှုပ်လှုပ် ။
ကျောက်တူး သဲတူး သမားတွေက ကွမ်းတဗျစ်ဗျစ်ထွေးလို့ ။
ဘီယာစုတ်တဲ့ ဗိုက်ပူကြီးတစ်ယောက်လို
ပြန့်ကားထွက်လာတဲ့ သဲသောင်ပြင်ကြီး
ငါ့မှာ  ငေးမောမဆုံး . . . . ။

မြစ်ပြင်မှာ စုန်ဆန်ကူးတဲ့ ငှက်သမ္ဗာန်တွေ
ဆွဲသင်္ဘောနဲ့ သစ်ဖေါင်တန်းကြီးတွေ
ပိုက်သိမ်းပြန်လာတဲ့ တံငါလှေလေးတွေ
ညဘက်ဆို ထွေးညိုကို မြည်တမ်းနေတဲ့ အာခေါင်ပြဲကြီးတွေ ။

ဧရာဝတီဟာ
နေခြည်နဲ့ ဆည်းဆာကို
အရောင်တွေ အမျိုးမျိုး ခြယ်မှုန်းစေချင်ပါသေးရဲ့ ။ - - - - - - - - - - - ။
  မောင်သော်တာ












 
 






ဇရပ်ပျက်မ

ခရီးမဲ့ အလေအလွင့်တွေနဲ့
ညအမှောင် ခွေးဟောင်သံတွေကို
ကစဥ့်ကရဲ ဆွဲသွင်းထားတဲ့ ဇရပ်ပျက် . . . . .
ခေါင်မိုးက မလုံဘူး ။
လှည့်ပြန်စရာ မိသားစု မရှိဘူး ။

ဖျာစုတ်လေးတစ်ချပ်ဟာ
ကျောခင်းအိပ်ရုံကလွဲလို့
ဘ၀လုံခြုံအောင် မကာနိုင်ခဲ့ဘူး ။
ထွီကနဲ
မျက်နှာတည့်တည့် ဓားထိုးစိုက်လိုက်သလို
စင်လာတဲ့တံတွေးကို
ခေါင်းမတိမ်းနိုင်ခဲ့ဘူး ။

ခြေသုတ်ခုံတစ်ခုလိုတောင်
ဘ၀အဓိပ္ပါယ် ရှာမတွေ့ခဲ့ဘူး ။
သစ်ရွက်သေတစ်ခုလို
လေချွန်သံကို ခိုစီးလို့
ထွက်ပြေးလွတ်မြောက်နိုင်ဦးမလား . . . . . . 

နင်းထားတဲ့ ခြေအစုံအောက်မှာ
မြေမှုန်တစ်စလို ခြောက်ခြားတုန်ခါနေရ
အခုလို
သူခိုး လူဟစ်တဲ့ ညများမှာပေါ့ . . . . . . . . . . ။                

                                                        မောင်သော်တာ


ရန်ကုန်မှာ ခဏတွေ့စဉ်၊ 
ကဗျာဓါတ်ချင်း 
ကူးလူးခွင့်ရတဲ့အတွက်
မြို့လှ က  ကဗျာဆရာ
 မောင်သော်တာကိုအမှတ်တရ ကျေးဇူးပါ ။

 

No comments:

Post a Comment