Wednesday, May 29, 2013

ကဗျာထဲ က ဘ၀၊ ဘ၀ ထဲက ခေါင်းလောင်းအက်သံ ။ အောင်လွန်းမြိုင် ။


uAsmxJu b0? b0xJ u acgif;avmif;tufoH                                                                                                                 
                                                                                     အောင်လွန်းမြိုင်
(၁)

အောင်ပန်းမြို့မှာနေထိုင်တဲ့ ဆရာကြီး ဒဂုန်တာရာ ရဲ့  (၉၄) နှစ်ပြည့်မွေးနေ့ကို ကျွန်တော်သွားရောက် ဂါရ၀ပြုခဲ့ပြီး အပြန်မှာ မုံရွာမှာနေထိုင်တဲ့ ကျွန်တော့်နှမလေး ရဲ့  မိသားစုဆီ ခရီးတစ်ထောက်ဝင်ရောက်နား ဖြစ်ခဲ့ တော့၊ မုံရွာမှာ ကျွန်တော် ရှိနေတဲ့ ရက်တွေမှာပဲ၊ (၅) တန်းတက်မဲ့ ကျွန်တော့ရဲ့  တူမလေးက "ကွန်ပါဗူး"၀ယ် ပေးပါတဲ့ ။
"သမီးဆီမှာ "ကွန်ပါဗူး" နှစ်ဗူးတောင်ရှိတာပဲ ဘာလို့ ပူဆာနေရတာလဲ " လို့ သူ့အမေကပြောတော့၊တူမ လေးက "ကွန်ပါဗူး တစ်ဗူး" က နည်းနည်းဟောင်းနေလို့ပါ တဲ့ ။ရှိတဲ့တစ်ဗူးက ကျူရှင်သွားရင် သုံးဖို့၊အခု ၀ယ်ခိုင်းတဲ့တစ်ဗူးကကျောင်း တက်ရင် သုံးဖို့အတွက်ပါ တဲ့ ။
     တူမလေး ပူဆာနေတော့လည်း ခြိုးခြံချွေတာနေရတဲ့ ကျွန်တော့ချွေးနှဲစာထဲကနေ "ကွန်ပါဗူး" တစ်ဗူး ၀ယ်ပေးဖြစ်ခဲ့ တယ်။ ပြီးတော့ နောက်နေ့ နောက်နေ့တွေ မှာလည်း 
"၀င်းမွန်" က ရှမ်းခေါက်ဆွဲ စားချင်သတဲ့ ၊
"ယူရီကာ" က ပူတင်း မှ တဲ့
"နေရှင်နယ်" က ၀ါးဟားဟား ရေခဲမုန့် တဲ့ ၊
"ယမုံနာ" က မုန့်တီသုပ် တဲ့၊  ကျွန်တော်က ချစ်လှစွာသော တူမလေးကိုနှစ်လိုဖွယ်ပြုံးပြနှစ်သိမ့်နေမိ တယ်၊ နောက်ရက်တွေ မှာလည်း "၀က်လက်ပေါင်း" စားချင်ပြန်သတဲ့ ၊ သူ့အမေကို ၀ယ်ချက်ခိုင်းနေတာ လည်း ကြားခဲ့ရသေး . . ။
သြော်. . . ကျွန်သိပ်ချစ်ရတဲ့ တူမလေး၊ ကျွန်တော်တို့ရဲ့  ဘ၀ထဲကို ၀င်ရောက်လာခဲ့တာ ပျော်ရွှင် ၀မ်းသာရမလား၊ တိုက်တာခြံမြေ ကားအစီစီးတွေ ပိုင်ဆိုင်နေတဲ့ ဘ၀ထဲ မရောက်ရှိခဲ့တာ ၀မ်းနည်းရမလား၊
နိုင်တော်သမ္မတကြီးက ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးဆိုလား၊ လျှော့ချရေးဆိုလား၊ဘယ်လောက်အတိုင်း အတာထိ အောင်မြင်ထိရောက်နေပါပြီလဲ၊ ကျွန်တော် အဲ့သလိုတွေးမိတော့ . . . ဟိုး ခပ်ဝေးဝေးကာလတုန်းက ဖတ်ဖူးခဲ့တဲ့ ကဗျာဆရာမ မအိရဲ့  နိုင်ငံကျော်ကဗျာတစ်ပုဒ် ကို အမှတ်ရနေမိခဲ့ပါတော့သည်။
                                                                       
(၂)

ရောင်စုံပန်းခြင်းတစ်ခု
စတုတ္ထတန်း ကျောင်းသား/သူများ
ကောင်းမှု ။
အဖူးအငုံ
ပွင့်ရုံ ပွင့်ချပ်၊ ပွင့်ဖတ်ညှိုးရော်
သောက ဇီဇ၀ါ၊ စကြာပုဏ္ဏားရိပ်
သွယ်ချိတ်ကုံးယှက်
မျက်ရည်စက်တွေနဲ့
သူ့အတွက်လေ ။ 
            ကြေကွဲစရာမြင်ကွင်းတစ်ခုကို ကဗျာဆရာမက တစ်စုံတစ်ယောက်ကို အသံနဲ့ပြောခိုင်းနေတာပါ၊အဲဒီအ သံထဲမှာပဲ အနိဋ္ဌာရုံမြင်ကွင်းတစ်ခုကို ကျွန်တော်တို့ စတင် မြင်တွေ့နေရပါပြီ ။

ဖိနပ်မဲ့ ခြေဖ၀ါး
မေးခိုင်ပိုးစားခြင်း
ထင်းရှုးသားသေတ္တာ ၊
လဲလျောင်းစရာ ။
သွားပေဦးတော့ကွယ်
ဘုန်းကြီးအိုတစ်ပါးထံ ၊
ဝတ္ထုငွေငါးကျပ်အပ်နှံ
သရဏဂုံ ဆည်းကပ်လေ
ကောင်းရာဘုံဘ၀ရောက်ပါစေ ။
အသံရှင်ကထပ်ပြောပြနေပြန်ပါပြီ၊ "ဖိနပ်မဲ့ ခြေဖ၀ါး" တဲ့၊ "မေးခိုင်ပိုးစားခြင်း" တဲ့ ။"ထင်းရှုးသေတ္တာကလဲ လျောင်းစရာ ခေါင်းတစ်လုံး ဘုန်းကြီးအိုတစ်ပါးကို ၀တ္ထုငွေ ငါးကျပ်ကပ်လှူလို့ ၊ ရေစက်ချအမျှဝေကောင်းရာဘုံ ဘ၀ရောက်ပါစေ " တဲ့ ။
အသံထဲကပြောပြနေတဲ့ စကားလုံးတွေ မြင်ကွင်းတွေကိုကြည့်ရက်စရာ၊ ကြားရက်စရာ မရှိလောက်အောင်ခံစား လိုက်မိပါတယ်။
အမိကိုကူ ၊အဘကိုကူ
အပူမျှယူ
ခဲတံမဲ့သူ၊ စာအုပ်မဲ့သူ ၊
မုန့်ဖိုးမဲ့သူ ၊
အလှူငွေမထည့်နိုင်သူ
အပူအားလုံးငြိမ်းခဲ့ပေါ့ ။
"ငွေမရှိတာလည်း အသက်အန္တရာယ်နဲ့ နီးတာပဲ လို့ ဘင်္ဂလားဒေ့ရှ် လူရွယ်က မှတ်ချက်ချတယ် "။
မိတ်ဆွေကဗျာဆရာရဲ့  ကဗျာထဲက ကဗျာတစ်ကြောင်းကို သတိရမိလိုက်တယ်။ အသံထဲက ကဗျာကမလှပ ပါဘူး၊ စတုတ္ထတန်း ကျောင်းသားလေးဟာ အမေ့အလုပ်တွေလည်းကူရပါသတဲ့၊ အဖေ့အလုပ်တွေကိုလည်း ကူရပါသတဲ့၊ အိမ်မှာရှိတဲ့ အပူတွေကိုလည်း အရွယ်နဲ့မမျှအောင် မျှဝေခံစားရပါသေးတယ်။ ကျောင်းတက်ရင် လည်း ကျောင်းတက်ခေါင်းလောင်းထိုးပြီးမှ၊ ရောက်ချင်ရောက်မယ် ။ စာသင်ခန်းထဲရောက်ရင်လည်း ခဲတံမဲ့သူ စာအုပ်မဲ့သူ မုန့်ဖိုးမရှိသူ အတန်းထဲမှာဆရာမက သောက်ရေအိုးအသစ်ဝယ်လဲဖို့ ၊ တံမြက်စည်းတစ်ချောင်းဝယ် ဖို့၊ ဘာကြေးညာကြေးအတွက် အလှူငွေမထည့်နိုင်သူ . . .
            ခုတော့ အဲ့ဒီလိုဒုက္ခတွေ၊ အဲ့ဒီလို ကိစ္စတွေအားလုံးငြိမ်းခဲ့ပါပြီတဲ့ . . . 
သေတ္တာဖုံး ရိုက်ပိတ်
လျှာအဆိပ်သင့်
ရင်နင့်နေခိုက်
ရှိုက်သံတစ်ချက်တစ်ချက်
"သံစူးသတဲ့ . . တော်တို့ရေ . . " ။
အကြော်သည်အမေ
မြေလူးလေရဲ့  . . . 
"သေတ္တာအဖုံးရိုက်ပိတ်" တဲ့၊ သက်မဲ့ခန္ဓာကိုယ်ကို နောက်ဆုံးတွေ့ခွင့်၊ ကြည့်ခွင့်ရလိုက်တဲ့ အမေဖြစ်သူ ဟာ၊"လျှာအဆိပ် ရင်နင့်နေခိုက်၊" ရှိုက်သံတစ်ချက် တစ်ချက် ကြားကနေသောကဗျာပါဒမီးတွေ၊ ဘယ်လောက် များ လောင်မြိုက်နေလေမလဲ ၊
ဖိနပ်မဲ့ခြေဗလာနဲ့ သားလေး သံစူးပြီး မေးခိုင်ပိုးဝင် သေဆုံးရရှာတဲ့အဖြစ်ကို "သွားနှင့်တော့ သားရေ.."လို့ ဆိုပြီးမျက်ရည်စက်လက်နဲ့ ဘယ်အမေတွေကများ ကိုယ့်ကိုယ်ကို ဖြေသိမ့်လို့ရနိုင်ပါ့မလဲ ၊ ခုတော့ အကြော် သည်မကြီး မြေးလူးရရှာပြီပေါ့  . . .
စာသင်ခန်းမ
နောက်ဆုံးက ခုံနေရာ
လစ်ဟာနေမှာ ။
ကျောင်းခေါ်ချိန်စာရင်း
မင်းနာမည် ကျော်ဖတ်ရတော့မှာ ။
လေ့ကျင့်ခန်းစာအုပ်
တစ်လျော့သွားမှာ ။
ခုံပေါ်မတ်မတ်
ရပ်ရမဲ့ ပြစ်ဒဏ်
မင်းဝိညာဉ်မခံစားစေတော့ ။
ဒီအပိုဒ်မှာတော့ အကြောင်းအရာတွေကို စီကာပတ်ကုံးပြောပြနေသူ အသံရှင်ဟာပေါ်လွင်လာပါပြီ ၊ ကဗျာဆရာမ က ရင်နင့်စရာ အဖြစ်အပျက်ကို ကျောင်းဆရာမလေးကို ပြောခိုင်းနေတာပါ ၊ ဟုတ်ပါရဲ့  ၊ သေဆုံးသွားသူ စတုတ္ထတန်းကျောင်းသားလေးရဲ့ အကြောင်းကို အတန်းပိုင်ဆရာမလေးမှ သိမှာပေါ့ ၊ သူ့တပည့် ပေပဲ ၊ကျောင်းတက်ချိန်တွေလည်း အမြဲနောက်ကျမယ်၊ ထိုင်ရတဲ့ နေရာက နောက်ဆုံးခုံ (အခုတော့ လစ်ဟာနေပေါ့) ၊ ဆင်းရဲရှာသူကျောင်းသားလေးရဲ့  ကျောင်းခေါ်ချိန်စာရင်း၊(နာမည်) ကို ကျော်ဖတ်ရတော့မှာ၊ လေ့ကျင့်ခန်းစာအုပ်တစ်အုပ် လျော့သွားတော့မှာ၊ ဆရာမက ပေးတဲ့အပြစ်ဒဏ်ကို ခုံပေါ်မတ်မတ်ရပ်ပြီး၊ မင်းဝိညာဉ်ကိုတောင် မခံစားစေရပါဘူး တဲ့ ၊  အမေ့ကိုကူ၊ အဖေ့ကိုကူ၊ အိမ်အလုပ်ဟူသမျှဝိုင်းကူလုပ်ရင်း၊ လေးတန်းကျောင်းသားလေးရဲ့ ကျောင်းနောက်ကျတဲ့အပြစ်တွေ၊ တိုင်စာမဲ့မဲ့ကျောင်းပျက်ခဲ့တဲ့နေ့တွေ၊ စာမရခဲ့တဲ့ နေ့တွေ၊ ဖိနပ်မဲ့ခြေဖ၀ါး သံစူးတုန်း က ကျောင်းရက်ရှည်ပျက်ခဲ့ရတာတွေ၊
အပြစ်တွေ . .
အပြစ်တွေ ..
အပြစ်တွေ ..
   ဒီအပြစ်တွေကို ဆရာမက စာနာနားလည်ခွင့်လွှတ်ပြီး "မင်းဝိညာဉ် မခံစားစေတော့"
လို့၊   ဆို့နစ်ကြေကွဲ စွာပြောရင်း. . .
                                                            သင်သွားလိုရာ သွားနိုင်သည်
မကြားဝံ့ဝံ့ ၊ နူတ်ဆွံ့ ရှိုက်ငင်
တစပြင်အထွက်
နှောက်ယှက်ဆဲအသံတွေ
မနက်ဖြန် နံနက် ၊
ကျောင်းအတက်မှာ
ဆရာမလက်
ခေါင်းလောင်းအထိုးခက်ပေလိမ့် ။
လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်ကျော်က ကဗျာပါ ၊ အခုအချိန် ပြန်ဖတ်ရတော့လည်း ရင်ထဲမှာ ကျင်ခနဲဖြစ် ရပါတယ်၊
           

ကဗျာအပေါ် နင့်နင့်နဲနဲခံစားမိလိုက်တော့ ကဗျာထဲက စတုတ္ထတန်းကျောင်းသား အကြော်သည်မသား ဖိနပ်မဲ့ ခြေဖ၀ါး သံစူး၍ သေဆုံးခြင်းဟာ ဆင်းရဲလို့ သေတာလို့ ကျွန်တော်ကကောက်ချက်ချမိပါတယ်၊
ကျွန်တော်တို့ဆီမှာ ကျောင်းမတက်နိုင်တဲ့ ကလေးတွေအမှန်တကယ်ရှိနေပါတယ်၊
ငယ်ငယ်ရွယ်ရွယ် လေးတန်းလောက်ရောက်ရင်ပဲ၊ သေစာရှင်စာဖတ်တတ်ရုံလောက်နဲ့၊ကျောင်းပြီးသွား ကြတဲ့ ကလေးတွေအမှန်တကယ်ရှိနေပါတယ် ၊
စာသင်ခန်းတွေထဲမှာ နေရမဲ့ အရွယ်လေးတွေကျွန်တော့်အိမ်ရှေ့ က၊ ရေမြောင်းထဲမှာ၊ ငါးနှိုက် ဖားနှိုက်၊ ရေသန့် ဗူးခွံကောက် ဘီယာဗူးခွံကောက်ပြီး၊ အိမ်အပူကိုမျှယူနေရတဲ့ ကလေးတွေ အများအပြားတွေ့နေ မြင်နေရ ပါသေးတယ် ၊
ကျွန်တော်တို့ရဲ့ ဘ၀တွေကရော၊ လတ်လတ်ဆတ်ဆတ်ရှိရဲ့ လား၊ နေရထိုင်ရတာကော အရသာရှိရဲ့ လား ၊
အတွေးတွေ . . အတွေးတွေ . .
မုံရွာမှာရှိနေခဲ့တဲ့ရက်တွေတုန်းက ကျွန်တော့်ရဲ့ တူမလေးကို ဈေးအကြီးဆုံး၊ အလှပဆုံးကွန်ပါဗူးတစ်ဗူး ဘာဖြစ် လို့များမ၀ယ်ပေး ဖြစ်ခဲ့ပါလိမ့်  . .
"၀င်းမွန်" က ရှမ်းခေါက်ဆွဲတွေ
"ယူရီကာ" က ပူတင်းတွေ
"နေရှင်နယ်" က ရေခဲမုန့်တွေ
"ယမုံနာ" က မုန့်တီသုပ်တွေ ဘာဖြစ်လို့များ၊ မ၀ယ်ကျွေးမိခဲ့ပါလိမ့် လို့၊ စိတ်မကောင်းခြင်းကြီးစွာဖြစ်မိရင်း၊ နောက်တစ်ခေါက် မုံရွာရောက်ရင်တော့ဖြင့်၊ တူမလေး ပူဆာသမျှ (၀ယ်ခိုင်းသမျှ) ၊ ၀ယ်ကျွေးရင်း၊ ဖိနပ်ကလေး နှစ်ရံ သုံးရံ လောက်ပါ ၀ယ်ပေးလိုက်ချင်ပါသေးတော့သည် ။

ရည်ညွှန်း = အသံအက်သွားတဲ့ ခေါင်းလောင်းလေး ၊ မအိ (၁၉၈၂- ဇူလိုင်လ၊ ရှုမ၀မဂ္ဂဇင်း)

အောင်လွန်းမြိုင်

No comments:

Post a Comment