|
ကောင်းကင်မဆံ့တဲ့ ကြယ်မင်းတာရာ .... |
ရုပ်ပုံလွှာများနဲ့ ဖွဲ့ နွဲ့သူတို့
ပြန်လည်တွေ့ဆုံခန်း
(၁)
ဟေ့ တာရာ လာကွ
မင့်မလဲကွာ ဆရာ့လိုပဲ
မသေခင်
ငြိမ်းချမ်းရေးလေးမြင်ရမလားမှတ်တယ်
သေမှပဲငြိမ်းချမ်းတော့သကိုးကွ။
(၂)
ဌေးမြိုင်ရေ
မောင်ရင်ကကိုယ့်ကို အရိုင်းလို့ရေးတယ်
ခု တကယ့်အရိုင်းတွေတွေ့ခဲ့မဟုတ်လား
ဒီမှာ စန္ဒယားတော့မရှိဘူး
စောင်းကောက်သာတီးပေတော့
ဟား ဟား ဟား ။
(၃)
ကိုဌေးမြိုင်
ခင်ဗျားနဲ့ကျွန်တော်
ရှမ်းပြည်ရဲ့လရောင်မှာ
ဖမ်းစားမခံခဲ့ရဘူးဆိုရင်
ဗမာပြည်ရဲ့ရာဇဝင်ဟာ
တစ်မျိုးတစ်ဖုံဖြစ်ခဲ့မှာပဲ ။
(၄)
အော်...ကိုဌေးမြိုင်ရယ်
ခင်ဗျားလည်း ခုမှပဲ
တကယ့်ဆဲလ်လေးထဲရောက်တော့တယ်နော်
ကျွန်တော့်နောက်ဆုံးအိပ်ယာကို
ခင်ဗျားပုံစံထုတ်ပေးခဲ့တယ်
အေးဗျာ
ခင်ဗျားရဲ့နေရာက
ဆရာကြီးမှိုင်းဘေးနားဖြစ်သင့်တာဗျ။
(၅)
ရုပ်ပုံလွှာတွေ
ရုပ်ပုံလွှာတွေ
ရုပ်ပုံလွှာစာအုပ်ထဲက
တန်းစီထွက်လာတဲ့
အဖြူဆွတ်ဆွတ်ရုပ်ပုံလွှာတွေ
ဖွဲ့ နွဲ့သူကိုဆီးကြိုနှုတ်ဆက်ရင်း
အကြည့်တွေ
နေရာဟောင်းဆီထိုးစိုက်လိုက်ကြရာ
ရေတိမ်နစ်ရင်း
ခေါင်းမီးတောက်နေပါရောလား ။ ။
မင်းညွန့်လှိုင်
ဒဂုန်တာရာ (သို့မဟုတ်) ပန်းနုရောင်အိုကြယ်
တကယ်တော့ကြယ်ဆိုတာဟာ ကောင်းကင်ဖွားပေပဲ
ဒီမြေပေါ်မှာဒီလူတွေရဲ့ ဒုက္ခနဲ့ သူ့အသည်းကွဲဖို့
ဒီမြေပေါ်မှာဒီအမှောင်တွေကိုသူ့မှော်အလင်းနဲ့လောင်စားပစ်ဖို့
ရာစုနှစ်တစ်ခုနီးပါး လူသားအဖြစ်ဝင်စားခဲ့လေတာ
ကျေးလက် မြို့ ပြ တက္ကသိုလ် နရသိန် နိုင်ငံတကာလှည့်လည်ကာ
နေရောင် လရောင် ရွှေရောင် မြရောင် ပပကြိုးကြွတွေ
ဝေါ့ဒစ္စနေအပြာ ဂိုဂင်အနီ ရိုးမအစိမ်းနဲ့ရွှေအိုရောင်တွေ
ပန်းစကြာမှန်ပြောင်းလှည့်သလို ဖျတ်ခနဲဖျတ်ခနဲ ဇာတ်ဝင်ခန်းတွေ
မမောမပန်း ရမ္မက်ကြီးစွာ အာသာငမ်းငမ်း အငမ်းမရ
စာလုံး ဆေးစက် နဲ့ စန္ဒယားခလုတ်တွေကို အလှပဆုံးကြွေအန်ကစားခဲ့
မိုးအောက်မြေပြင်မှာ ချိုးဖြူကူသံဝေစေချင် ကြာပန်းရေစင်လန်းစေချင်
မှိုင်းရဲ့ခြေရာ ထပ်ချပ်မကွာ မီးစာကုန်ဆီခန်းတဲ့အထိ
အတောက်ပဆုံး အမြင့်မားဆုံး ထိန်ထိန်ညီးညီးလောင်ကျွမ်းခဲ့
အခုတော့မီးခိုးငွေ့အဖြစ်နဲ့ မိုးကောင်းကင်ထံပြန်အပ်နှံရပြီ
သူ့အလှပညာနဲ့သူ့အချစ်တရားဟာ မီးခိုးငွေ့လိုပျောက်ပြယ်မသွား
ဒီမြေကိုရင်ဝယ်သားလို စောင့်ရှောက်သွားမှာပဲ ယုံတယ်။ ။
မင်းညွန့်လှိုင်
မပြောရမနေနိုင်လို့ပြောတဲ့စကား
ကြယ်မင်းကြီးရဲ့နောက်ဆုံးခရီး
(၁)
ကြေကွဲဖွယ်တိုက်ဆိုင်မှုလို့ပဲဆိုရပါတော့မယ်။တနေ့
ကမှကျွန်တော်ပူပူနွေးနွေးရေးခဲ့တဲ့စာထဲမှာဆရာ့ရဲ့
တရား ဆရာ့စကားကိုကိုးကားခဲ့သေးတယ်။အခုတော့
စစ်တောင်းမြစ်ဝှမ်းကမိတ်ဆွေကဗျာဆရာပို့လိုက်တဲ့
သတင်းစကားဟာကျွန်တော့်ဖုန်းထဲဝင်လာပါရောလား။
"ဆရာတာဆုံးပြီ"
၂:၁၀ ညန
၁၉ သြ ။
(၂)
ဒဂုန်တာရာဆိုတာလေးစားအပ်တဲ့စာရေးဆရာ ကဗျာ
ဆရာ အနုပညာဝေဖန်ရေးဆရာ နိုင်ငံရေးအကဲဖြတ်
သူ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းသူ ပြည်တွင်း
ငြိမ်းချမ်းရေးကြိုးပမ်းသူကြီးအဖြစ်အားလုံးသိပြီးသား
ပါဗျာ။တိုင်းသိပြည်သိ နေသိလသိဆိုပါတော့ဗျာ။
လူတစ်ယောက်အနေနဲ့လည်းယဉ်ကျေးသူ
နူးညံ့သူ ဖြောင့်မတ်သူ ရိုးသားသူ ကိုယ်ကျိုးမရှာသူ
လူ့အဖွဲ့အစည်းကိုသာယာဝပြောစေလိုသူ စတဲ့ စတဲ့
ဂုဏ်ပုဒ်တွေနဲ့ပြည့်စုံသူပါဗျာ။
ဒါ့အပြင်ဆရာဒဂုန်တာရာဟာ
တွေးခေါ်သူ
အဘိဓမ္မာဆရာကြီးလည်းဖြစ်တယ်လို့ကျွန်တော်က
ပြောချင်ပါတယ်ဗျာ။စာပေနဲ့ပတ်သက်ရင်ဆရာ့ရဲ့စာ
ပေသစ်အယူအဆနဲ့ခေတ်ပြိုင်ခံစားမှုဒဿနဟာအင်
မတန်ထူးခြားပြီးသြဇာကြီးပါတယ်။
ဆရာဒဂုန်တာရာဟာ
ခေတ်ကိုထင်ဟပ်ပြီး
ပြည်သူကိုအကျိုးပြုရမယ်ဆိုတဲ့အယူအဆကိုကိုင်ဆွဲပြီး
စာပေသစ်ခေတ်ကိုထူထောင်ခဲ့တာပါ။
ခေတ်ပြိုင်ခံစားမှုအယူအဆကတော့
မှိုင်းဗေ
ဒကတဆင့်ပေါက်ဖွားတာလို့ပြောနိုင်ပါတယ်။ခေတ်
ပြိုင်လူ့အဖွဲ့အစည်းရဲ့သွေးခုန်သံ လူထုရဲ့နှလုံးခုန်သံကို
ရင်ဘတ်ထဲထည့်ပြီးမှအနုပညာဖန်တီးခြင်းဟာဆရာ
ကြီးသခင်ကိုယ်တော်မှိုင်းထံမှ အမွေဆက်ခံခဲ့တဲ့အစဉ်
အလာဖြစ်ပါတယ်။ပြီးတော့အယူအဆတစ်ရပ်အဖြစ်
ဖွဲ့စည်းကာမျိုးဆက်သစ်တွေထံလက်ဆင့်ကမ်းခဲ့
ခြင်းဖြစ်ပါသဗျာ။
ဆရာဒဂုန်တာရာကသူ့ကိုယ်သူ
နိုင်ငံရေးသိပ္ပံ
ကျောင်းသားရယ်လို့ဖော်ပြလေ့ရှိပါတယ်။တကယ်က
တော့ဆရာဟာနိုင်ငံရေးသုခမိန်ကြီးလည်းဖြစ်ပါသဗျ။
ဆရာ့ရဲ့ ရန်သူမရှိအယူအဆ ဗဟုဝါဒအယူအဆဟာ
ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးမှာ အထူးပဲသြဇာကြီးလှပါ
သဗျာ။
(၃)
ခုတော့ဖြင့်ဒဂုန်တာရာဆိုတဲ့ကြယ်မင်းကြီးဖျတ်ခနဲ
ကြွေလွင့်ခဲ့ပါပြီဗျာ။
ကျွန်တော်တို့ခေတ်ရဲ့ ထူးမြတ်သူလူသားတစ်ဦးရဲ့
နောက်ဆုံးခရီးဟာသာမန်လူတစ်ယောက်လိုဖုတ်ပူမီး
တိုက်နဲ့ပဲပြီးရတော့မှာလား။ဆရာကြီးမှိုင်းရေးသလိုဒေါင်း
ပုဝါအုပ်ပြီးမသင်္ဂြိုဟ်ကြတော့ဘူးလား။တစ်သက်တာ
လုံးစာပေနဲ့ပြည်သူကိုသာအာရုံပြုခဲ့သူကြီးဟာနိုင်ငံ
တော်အဆင့် ပြည်သူ့ဈာပနနဲ့မထိုက်တန်ပေဘူးလား။
ပြီးတော့သူချစ်တဲ့ငြိမ်းချမ်းရေးဗိသုကာကြီးရဲ့နံဘေး
မှာသူ့ကိုလဲလျောင်းခွင့်မပြုနိုင်ကြဘူးလား။
မိတ်ဆွေများ ပြည်သူများခင်ဗျား
ဟောဒီမေးခွန်းတွေကိုသာကြေကြေကွဲကွဲမေးလိုက်ရ
ကြောင်းပါဗျား ။
။
နှမြောဖို့ကောင်းတဲ့လူတွေ
နှမြောဖို့ကောင်းတဲ့လူတွေ
အများကြီးမွေးပါစေ ။
နှမြောဖို့ကောင်းတဲ့လူတွေ
ကျန်းကျန်းမာမာရှိကြပါစေ ။
နှမြောဖို့ကောင်းတဲ့လူတွေ
အသက်ရှည်ကြပါစေ ။
နှမြောဖို့ကောင်းတဲ့လူတွေ
ဘုန်းကြီးပါစေ ။
နှမြောဖို့ကောင်းတဲ့လူတွေ . . .
နှမြောဖို့ကောင်းတဲ့လူတွေ . . .
လွှင့်ပစ်ရက်စရာ တစ်စက်မှမရှိ
မိမိရရ ကျေးဇူးကြီးမားကြပါ၏
ရက်ရက်ရောရော တမ်းတမိပါ၏ ။
ဒါပဲပေါ့
ဘာကမှ
အပျောက်ရိုက်လို့
အစပျောက်မသွား
သေမင်းတောင်မမြင်တဲ့လမ်း
ရဲရဲယုံယုံဖေါက်လုပ်သွားတာ
နှမြောဖို့ကောင်းတဲ့လူတွေပေါ့  ။
ရန်လင်းအောင်
၁၁၈၂၀၁၃