Saturday, November 23, 2013

ရတုမြေ ကဗျာ ပြပွဲ (၄)



မြစ်နဲ့ မြို့

တံခွန် နဲ့ အလံတွေထူလွှင့် မြကေတုမြို့
စစ်တောင်းမြစ်ဝှမ်းပေါ်က မြို့
သူ့မှာ ရာဇ၀င်ရှိသလို
သမိုင်းလည်းရှိခဲ့တယ် ၊

ရာဇ၀င်ကို ရာဇာတွေရေးခဲ့တယ်
သမိုင်းကို ပြည်သူတွေ ရေးခဲ့တယ်

မြို့က မြစ်ကိုထမ်း
မြစ်က မြို့သားတွေကိုထမ်း
မြို့သားတွေက မြို့နဲ့မြစ်ကိုထမ်း
ခမ်းခမ်းနားနား
ခမ်းနားနေပေါ့  ။       

      မောင်နီမွန်




    လရောင်
                               
စစ်ဖြစ်နေတယ်ဆိုမှတော့
ဓမ္မအတွက်နေရာမရှိဘူး
ကျည်ဆံလာတယ် ဆိုမှတော့
မိတ်ဆွေဖွဲ့ဖို့ လာတာမဟုတ်ဘူး
မြေမြှုပ်မိုင်းတွေနဲ့ လမ်းဟာ
ကလေးတွေ ကျောင်းသွားရမယ့် လမ်းမဟုတ်ဘူး
တောင်ယာထဲက အမြှောက်ဆံကျင်းဟာ
စိုက်ပျိုးထွန်ယက်ထားတာမဟုတ်ဘူး
ရွာနံဘေးက စမ်းချောင်းထဲ
ရေရဲရဲ မချိုးဝံ့ဘူး
တဲအိမ် ၀ါးကြမ်းခင်းပေါ်မှာ
အိပ်ရေး၀၀ မအိပ်ရသေးဘူး
ငြိမ်းချမ်းတဲ့ ပစ္စုပ္ပန်ဆိုတာလား
ဟောဟို ချောက်ကမ္ဘာကြီးထဲမှာ
လှပတဲ့ အနာဂတ်ဆိုတာ
ဟိုးက တောင်တန်းကြီးတွေ နောက်ကွယ်မှာ
ကောင်းကင်က လ၀န်းမှာ
သွေးကွက်တွေ စွန်းထင်းနေလေရဲ့ ။                  

                            မောင်စမ်းအေး (သဲကုန်း)





မာရသွန်

ပြေးနေတဲ့စိတ်ဟာ
ဖိနပ်ကျွတ်ကျန်ခဲ့တယ်
နေက
ထန်းပင်ဖျားမှာ
တင်းတင်းဆုပ်ထားတဲ့ လက်သီးထဲ
ပိုးကျစ်ကြိုးတွေ အထွေးလိုက်
နောင်တ က
နှာတစ်ဖျားနဲ့ ကပ်ပြီး ပန်းဝင်သွားခဲ့ ။             

          ခင်အောင်အေး

                                  ရတုမြေ မဂ္ဂဇင်း
                    အတွဲ (၁) အမှတ်၊ ဒီဇင်ဘာလ၊ ၂၀၁၃ ။







No comments:

Post a Comment