Monday, August 11, 2014

"သူလည်းမဟုတ် တခြားသူလည်းမဟုတ်" ၊ ပါချုပ်ဆရာတော်ကြီး

 "သူလည်းမဟုတ် တခြားသူလည်းမဟုတ်"

★★★★★★★★★★★★★★★★★★★★
★ သာသနာတော်နှစ် ၁၀၀၀ ထက်စောပြီးတော့ မိလိန္ဒမင်းကြီးနှင့်အရှင်နာဂသိန် တို့သာသနာတော်မှာပေါ်ပေါက်ခဲ့ပြီး ဗုဒ္ဓမြတ်စွာရဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီး မိလိန္ဒမင်းကြီးကမေးတယ် အရှင်နာဂသိန်ကဖြေတယ်။ ကပ်ကပ်သပ်သပ်မေးခွန်းတွေပါပဲ။မေးခွန်းပေါင်း၃၀၄ခုရှိတယ်။အဲ့ဒီမေးခွန်းတွေကို
ဖြေဆိုချက်နှင့်အတူ မှတ်တမ်းတင်ထားတဲ့ကျမ်းကို မိလိန္ဒပဥှာ လို့ခေါ်တယ်။မြန်မာနိုင်ငံ သာသနာတော်နှစ်၂၅၀၀ အထိမ်းအမှတ်အဖြစ် ကမ္ဘာအေးကုန်းမြေမှာ ဗုဒ္ဓဘာသာနိုင်ငံတွေစုပြီး
သင်္ဂါယနာတင်ခဲ့တုန်းက ဒီ မိလိန္ဒပဥှာကျမ်းကို ခုဒ္ဒကနိကာယ်ထဲ ထည့်သွင်းပြီး ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ထဲထည့်ထားကြတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘုရားဟောတဲ့တရားဓမ္မတွေကိုနားလည်ဖို့အတွက် အထောက်အကူ ဖြစ်လို့ပဲ။

★ မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကိုမေးတယ်။"အရှင်ဘုရား လောကမှာ လူတစ်ယောက်ဟာ ၁နှစ်ကနေ အသက်၈၀ ထိနေရတယ်ဆိုရင် အနှစ်၈၀သူနေသွားရတယ်။ ၁နှစ်သားတုန်းက အရွယ်နဲ့ အသက်၈၀အရွယ်ကိုယှဉ်ကြည့်လိုက်ရင် တူသလား ကွဲခြားသလား၊ကွဲခြားသွားတယ်ဆိုရင် အဲ့ဒါတစ်ယောက်တည်းလား နှစ်ယောက်လား၊"
တစ်ယောက်တည်းဆိုရင် ဟိုကပေါက်စလေး၊ ဒီကအဘိုးအိုကြီး သွားကျိုးနေပြီ ဆံပင်ဖြူနေပြီ
ဘယ်လိုတစ်ယောက်ထဲလို့ပြောမှာလဲ။ပြောလို့ရသေးရဲ့လား။ ၁နှစ်သားကလေးဓာတ်ပုံနဲ့ အဘိုးကြီးဓာတ်ပုံ ယှဉ်ပြီးတော့ထားလိုက် တစ်ယောက်ထည်းလို့ပြောလို့ရလား။
မျက်စိမလည်မသွားနဲ့နော်။

★ ရှင်နာဂသိန်ကပြန်ဖြေတယ် ''န စ သော၊န စ အညော'' တဲ့။သူဖြေလိုက်တဲ့
စကားလုံးလေးက 'သူလည်းမဟုတ်ဘူးတစ်ခြားသူလည်းမဟုတ်ဘူး' ။ သူမဟုတ်ဘူးလို့ဘာလို့ပြောတာလဲဆိုရင် ဥပမာ ၁နှစ်သားအရွယ်က သွားမကျိုးသေးဘူး ပေါက်စလေး၊အသက်၈၀ ရောက်တဲ့အခါ သွားကျိုးပြီးဆံပင်ဖြူပြီလေ၊။ အဲ့ဒီတော့ တစ်ယောက်ထဲလား နှစ်ယောက်လားဆိုတော့ ၂ယောက်လို့လည်းပြောလို့မရဘူး။
သူလို့လည်းပြောလို့မရဘူး တခြားသူလို့လည်းပြောလို့ မရဘူး။အလေးအနက်စဉ်းစား ဒါကဒဿနည်းနဲ့ဖြေတာ။


★ 'သူလည်းမဟုတ်ဘူး၊ တခြားသူလည်းမဟုတ်ဘူး' ဆိုတော့ မိလိန္ဒမင်းကြီးက သဘောမကျဘူး။
တရားနာပရိတ်သတ်တွေလည်းသဘောကျပုံ မပေါ်ဘူး။မိလိန္ဒမင်းကြီးက ဒါမဖြစ်နိုင်ဘူးတဲ့။အဲ့ဒီတော့ မိလိန္ဒမင်းကြီးကို အရှင်နာဂသိန်ကပြန်မေးတယ် "မင်းကြီးငယ်ငယ်တုန်းက ပက်လက်အိပ်တဲ့ ၁ နှစ်သားအရွယ်နဲ့ ၊ အခုအရွယ်နဲ့တူသလား၊ မတူဘူးလား" ဆိုတော့ မင်းကြီးက"မတူဘူး"
တဲ့ မတူဘူးဆိုရင် သူလို့ပြောလို့ရပါ့မလား။မင်းကြီးက ဘယ်လိုဖြေတုန်းဆိုရင် ငယ်တုန်းက တစ်ခြားဖြစ်ပြီး၊ အခုအရွယ်ရောက်လာတော့တစ်ခြားတဲ့ သူကအဲ့ဒီလိုပြောတယ်။

★ အရှင်နာဂသိန်ကရှင်းပြတာ အဲ့ဒီလိုမဟုတ်ဘူးတဲ့။ "ဓမ္မသန္တတိ" လို့ခေါ်တဲ့သဘာဝတရားကြီးက ဆက်စပ်ပြီးတော့နေတယ်။ ဆက်စပ်နေသည့်အတွက်ကြောင့် သူလို့ပြောလိုက်ရင် ပုံတူဖြစ်ရမယ်။
တစ်ခြားသူလို့ ပြောလိုက်ရင်လည်း သူနဲ့ဆက်စပ်မှုမရှိတော့ဘူး။
အခုတော့ သူနဲ့လည်းဆက်စပ်မှုရှိနေတယ်။ဆက်စပ်နေလို့ တခြားသူလည်းမဟုတ်ဘူး။
ပုံတူမဟုတ်သည့်အတွက်ကြောင့် သူလည်းမဟုတ်ဘူးတဲ့။ဓမ္မသန္တတိ ဆိုတာတရားသဘောအားဖြင့်ဆက်စပ်နေတာ ပုံစံတူမဟုတ်ဘူးလို့ ဒီလိုပြောတာ။

★ အဲ့ဒီအဆင့်ရောက်အောင် စဉ်းစားကြည့်လိုက်လို့ရှိရင် တစ်ပြင်တည်းစီးနေတဲ့ မြစ်ရေမှ
သောက်ရေတစ်ခွက်ခပ်ယူလိုက်မယ်။ခုနကရေလေးပေးစမ်းဆိုလို့ရှိရင် ခုနကရေးလေးရှိသေးလား စီးသွားပြီ။ဒီနေရာကတော့ ခပ်မှာပဲ။ဒီနေရာက ခပ်လိုက်ရင်ရော ခုနကရေ ရလိုက်လား။တစ်ခြားရေ မရပေဘူးလား။တစ်ခြားဖြစ်မသွားဘူးလား အဲ့ဒီလိုပြောင်းလဲမှုလေးတော့ ရှိတန်သလောက်ရှိတယ်။သို့သော် ရေဆိုတဲ့အစဉ်အတန်းကြီးကတော့ မတူဘူးလား တူနေတယ်တဲ့။အဲ့ဒါကိုအခြေခံပြီးတော့ မိလိန္ဒမင်းကိုရှင်းပြတယ်။

★ "အရှင်ဘုရား ဥပမာနဲ့ပြောပါဦးဘုရား" နားမလည်သေးဘူးပေါ့။အရှင်နာဂသိန်က ဆိုပါဆို့
လတ်လတ်ဆတ်ဆတ် ညှစ်ယူပြီးစ နွားနို့ကိုရေခဲသေတ္တာထဲမထားဘဲ နောက်တစ်ရက် နှစ်ရက်လောက်ထားလိုက်ရင် အဲ့ဒီနွားနို့ဟာ "ဒဓိ"လို့ခေါ်တဲ့ အဆင့်ပြောင်းသွားတယ်။
အဲ့ဒီကနေ "ရက်တတ်" ၊အဲ့ဒီကနေ "ထောပတ်" "ဆီဦး" အဆင့်ဆင့် ပြောင်းသွားတယ်။ဆိုပါဆို့ အဲ့ဒီနွားနို့ဟာ နို့ချဉ်လားမေးရင်မဟုတ်ဘူး နို့ချဉ်ဆိုတာပြောင်းလဲသွားတဲ့အရသာဖြစ်တယ်။ ဒါပေမယ့် နွားနို့မရှိဘဲနဲ့ နို့ချဉ်ရောဖြစ်ရဲ့လား နို့ချဉ်သည် နွားနို့ကတစ်ခြားလည်းမဟုတ်ဘူး။
ယခင်နွားနို့လည်းမဟုတ်ဘူး။ဒါ့ကြောင့်မို့ "န စ သော၊န စ အညော" လို့ပြောတာ။
အဲ့ဒီလိုရှင်းပြတယ်။အရှင်နာဂသိန်ကပြောတယ် ဓမ္မသန္တတိ အစဉ်ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်သွားတယ်၊ အညော ဥပ္ပဇ္ဇတိ အညော နိရုဇ္ဈတိ- တစ်ခုကဖြစ်လာပြီး တစ်ခုက ချုပ်သွားတယ်။အပုဗ္ဗံ အစရံမံသန္ဒဟတိ- ရှေ့လည်းမကျ နောက်လည်းမကျ ဆက်စပ်ပြီးနေတယ်။

★ ဆိုပါဆို့ ၁နှစ်သားအရွယ် ကုန်ဆုံးသွားပြီးတော့ ၂နှစ်သားအရွယ် ရောက်လာတယ်
ရပ်နေတာမဟုတ်ဘူးနော်။၁ နှစ်သားဟာ ၂နှစ်သား မဟုတ်ဘူး။
သူ့အပိုင်းလိုက် သူ့အပိုင်းလိုက် ပြီးဆုံးပြီးဆုံးသွားတယ်။သို့သော်ဆက်ပြီးတော့ဖြစ်နေတာ။
နောက်ကဆက်ပြီး ဖြစ်နေတဲ့အတွက်ကြောင့် ပြောင်းလဲမှုရှိသော်လည်း ပြောင်းလဲမှုကိုမသိနိုင်ဘူး တစ်ယောက်တည်းတော့ မဟုတ်ဘူးတဲ့။၁ နှစ်သားလေးအရွယ်မရှိခဲ့လို့ရှိရင် ၈၀ကျော် အဖိုးကြီးအရွယ်အဖွားကြီး အရွယ်ဆိုတာမဖြစ်နိုင်ဘူး။အဲ့ဒါကို "န စ သော၊န စ အညော"တဲ့ သဘာဝရဲ့ပြောင်းလဲမှုတွေဟာ ဆက်စပ်ပြီးဖြစ်နေတာမို့ သူလည်းမဟုတ်ဘူး တစ်ခြားသူလည်းမဟုတ်ဘူး။

★ ဒီနေရာမှာ လူတစ်ချို့က နောင်ဘ၀နဲ့ပတ်သက်ပြီး အဓိပ္ပာယ်တစ်မျိုးယူတာရှိသေးတယ်။အဲ့ဒါကျတော့ အလှမ်း
ဝေးသွားပြီးပေါ့ ပိုပြီးတော့ထင်ရှားတယ်။ဒီဘ၀မှာ လူတစ်ယောက်ဟာသေတယ် နောက်ဘ၀မှာလူတစ်ယောက်သွားဖြစ်တယ်။ဒီလူနှစ်ယောက်ဟာ တစ်ယောက်ထဲလားလို့ အမေးမျိုးရှိတယ်။အဲ့ဒီအမေးကို ဓမ္မဓိဋ္ဌာန်ကျကျ တရားကိုရည်ညွှန်းပြီး ဖြေမယ်ဆိုရင် “န စ သော၊န စ အညော” ပဲ။ဒီလူလည်း မဟုတ်ဘူးတခြားလူလည်း မဟုတ်ဘူးလို့ပြောရမယ်။ဘာဖြစ်လို့လဲဆိုရင် ဒီလူကသေသွားပြီလေ ဒီလူမသေဘဲ
ဟိုလူမဖြစ်နိုင်သောကြောင့် တခြားလူလည်းမဖြစ်နိုင်ဘူး။တစ်ခြားလူမဟုတ်ရင် လုံးဝဆက်စပ်မှုရှိတာပေါ့။

★ မိလိန္ဒမင်းကြီးနဲ့ အရှင်နာဂသိန်တို့အမေးအဖြေမှာ ရှင်နာဂသိန်က ဓမ္မလမ်းကြောင်းအတိုင်း ၀ိပဿနာကျင့်စဉ်ရှုထောင်ကနေ ပြောလိုက်တာပါ။သဘာဝတရားရဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးဟာ ရှေ့နဲ့နောက်ဆက်စပ်ပြီးနေတယ်။တစ်ခုလည်း မဟုတ်ဘူး။အစဉ်ပြောင်းလဲနေတဲ့ ဖြစ်စဉ်ကြီးတစ်ခု။ဒါအနိစ္စရဲ့သဘောကိုအထင်အရှားပြနေတာ။
မမြဲဘူးဆိုတာကို ထင်ရှားပြနေတာ။

★ မိလိန္ဒမင်းကြီးက နောက်မေးခွန်းတစ်ခုထပ်မေးတယ်။ဒီဘ၀မှာ လူတစ်ယောက်ဟာ အကုသိုလ်တွေလုပ်တယ်အသက်တွေသတ်တယ်။နောက်ဘ၀မှာ ငရဲသွားခံရတယ်။ဆိုပါဆို့ လုပ်တာတစ်ယောက် ခံရတာတစ်ယောက်မဖြစ်ဘူးလားတဲ့။
လုပ်တုန်းက ဒီဘ၀ရုပ်နာမ်တွေ လုပ်တာ၊ခံရတဲ့အခါနောက်ဘ၀ရုပ်နာမ်တွေ ခံရတာဆိုပြီးတော့ “ဟာနောက်ဘ၀ ဒီကိုယ်ခံရတာ မဟုတ်ဘူး၊ဒီဘ၀စံရဖို့ အရေးကြီးတယ်” ဆိုပြီးတော့ မကောင်းမှုပြုတဲ့သူတွေ မရှိဘူးလား။

★ မိလိန္ဒမင်းကြီးက မေးပြန်တယ် ဒီဘ၀က အကုသိုလ်လုပ်တဲ့ ရုပ်နာမ်တွေရှိသေးလားဆိုရင်တော့ မရှိတော့ပါဘူး။ပျောက်သွားတယ်ဆိုတာ ဘယ်လောက်ထင်ရှားတုန်း ဆိုပါဆို့ ကိုယ့်မိသားစုမှာ တစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုးတယ်။နောက်တော့ အတူထမင်းစားတယ်။အဲ့ဒီစိတ်ရှိသေးလား စိတ်ဆိုးတုန်းကဆိုးခဲ့ပြီးတော့ ပျောက်သွားတယ်။ဒါပေမယ့် စိတ်ဆိုးတုန်းကပြောခဲ့တဲ့ဟာတွေမှာ နောက်တစ်ရက်ကျတော့ သူ့မှာတာဝန်မရှိဘူးလား ဆိုတော့ ရှိတယ်နော် သူစိတ်ဆိုးတုန်းက စိတ်ကမရှိတော့ဘူးတာဝန်ရှိတာက စိတ်မဆိုးတဲ့နေ့မှာ တာဝန်ရှိနေမယ်ဆိုတော့ လုပ်တာတစ်ယောက်၊ခံရတာတစ်ယောက်ဖြစ်မနေဘူးလား။အဲ့ဒါ ဘယ်လိုရှင်းမလဲ။
★ လူတစ်ယောက်က သရက်ပင်စိုက်ထားတယ်။လူတစ်ယောက်ကလာခိုးတယ်။ခိုးတော့ ဖမ်းမိတယ်။သရက်သီးသူခိုးဆိုပြီး ရုံးပို့တယ်။ရုံးက တရားစွဲတဲ့အခါ ဒဏ်ရိုက်တဲ့အခါကျတော့ သူခိုးက “သူ့သရက်သီး မခိုးပါဘူးတဲ့သူစိုက်တဲ့ သရက်သီးက မရှိပါဘူးတဲ့၊ ဒါက ဒီအပင်က သီးတာ” တဲ့။ပြောလို့မရဘူးလား သူစိုက်တာက သရက်
သီးလေ ။သူစိုက်တဲ့ အသီးကမရှိတော့ဘူးလေ၊ အဲ့ဒီတော့ သူစိုက်တဲ့သရက်သီးကို ကျွန်တော်မခိုးရပါဘူးတဲ့။ကျွန်တော်ခိုးတာ သူ့စိုက်တဲ့သရက်သီးမဟုတ်ပါဘူးလို့ ထုချေလွှာငွင်းသတဲ့။ ရုံးတော်က လွတ်ပါ့မလား။လူလုပ်တဲ့ ရုံးကတောင်မလွတ်ရင် သဘာဝတရားက လွတ်ပါ့မလား။ဘာလို့လဲဆိုရင်ဆက်စပ်နေတယ်တဲ့။
ဒီဘ၀လုပ်ထားတဲ့ ရုပ်နာမ်ကချုပ်ပြီးတော့ နောက်ဘ၀ရုပ်နာမ်က တာဝန်ရှိလာတာ။Online ဖြစ်နေသည့်အတွက်ကြောင့် လုပ်တုန်းက တစ်ခု ခံရတော့တစ်ခု ဒီလိုဖြစ်နေတယ်။

★ ဒီဘ၀ အကုသိုလ်လုပ်ပြီး နောက်ဘ၀ဘာလို့ခံရတာလဲဆိုရင် သဘာဝတရားချင်း ပြန်ပြီးဆက်စပ်နေတဲ့ အတွက်ကြောင့် လွတ်ခွင့်မရှိဘူး။ ခုနတုန်းက သရက်သီးသူခိုး ဘာလို့မလွတ်သလဲဆိုရင် ပိုင်ရှင်ကစိုက်ထားမှဒီသရက်ပင် ပေါက်တာကိုး ပိုင်ရှင်စိုက်တဲ့ သရက်စေ့ကမှ သရက်ပင်ပေါက်တာကြောင့် ဒီလူဟာမှုခင်းကနေမလွတ်နိုင်ဘူး။ဒီလူစိုက်တဲ့ သရက်သီးကဖြစ်လာတဲ့ အတွက်ကြောင့် လောကဥပဒေအရ လွတ်လပ်ခွင့်မရှိဘူး။
★ ကဲရှင်မောဂ္ဂလာန် မထေရ်မြတ်ကြီး ဒီဘ၀မှာသူတော်ကောင်းကြီးပါ။ ဥပတိဿ ကောလိတ ဆိုတဲ့သူငယ်ချင်းနှစ်ယောက်ဟာ သွားအတူ လာအတူ ရင်းကနေ သံဝေဂရပြီး သင်္ကန်းဝတ်လာတာ။ဒီဘ၀မှာ သူ့အမေလည်း
မနှိပ်စက်ဘူး၊ အဖေလည်း မနှိပ်စက်ဘူး ဒါပေမယ့်နောက်ဆုံးကျတော့ ရှင်မောဂ္ဂလာန် မထေရ်မြတ် ရာဇဂြိုလ်ပြည်နားက ကာဠသိလာ ကျောက်တောင်ကြီးမှာ သီတင်းသုံးနေစဉ် လူသတ်သမား ၅၀၀ ကလာသတ်သွားလို့ ပရိနိဗ္ဗာန်စံသွားရတယ် မဟုတ်လား။အဲ့ဒါကို ဘယ်လိုရှင်းလဲဆိုရင် အရင်ဘ၀တုန်းက အဖေ အမေသတ်ခဲ့တဲ့
ကံက အကျိုးပေးတာ။သတ်တာ သူမဟုတ်ဘူး၊ဟုတ်ကဲ့လား၊ ရှင်မောဂ္ဂလာန်က မသတ်ဘဲနဲ့ ဘာကြောင့် ရှင်မောဂ္ဂလာန်က လာခံရတာတုန်းဆိုတော့ အကြောင်းနဲ့အကျိုး ဆက်နေလို့ဖြစ်တယ်။အတိတ်ဘ၀က အရှင်မောဂ္ဂလာန်ဖြစ်မယ့် ပုဂ္ဂိုလ် သန္တာန်မှာဖြစ်ခဲ့တဲ့ ရုပ်နာမ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အကုသိုလ်အမှုသည် ရှင်မောဂ္ဂလာန်ဘ၀အထိ ဆက်စပ်နေတယ်။

★ အဲ့ဒီအကုသိုလ်ကိုတိမ်းလို့ မရဘူးဆိုတာ သတိထားနော်။ Line ဆိုတာ အဲ့ဒါကိုပြောတာ။ Line ပေါ်မှာရောက်နေတယ် သူ့Line နဲ့ သူ၊ ကိုယ့် Line နဲ့ကိုယ့် ။ကိုယ်လုပ်ထားရင် ကိုယ်နဲ့ပဲဆိုင်တယ်။ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် လုပ်သမျှဟာ ကိုယ်ပဲခံရမယ်။အကြောင်းအကျိုးတွေ ဆက်စပ်နေတယ်။
တရားနာပရိတ်သတ်အပေါင်းတို့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော် နှစ်ထောင်နီးပါးက ပညာရှိ အရှင်နာဂသိန်မထေရ် ရှင်းလင်းတဲ့ သဘာဝဖြစ်စဉ်ကြီးတစ်ခုရဲ့ အနေအထားကို မြင်နိုင်အောင် “န စ သော၊န စ အညော” ဆိုတဲ့တရားကို ရှင်းလင်းခြင်းဖြစ်ပါတယ်။တရားနာ ပရိတ်သတ်အပေါင်းဗုဒ္ဓမြတ်စွာ သာသနာတော်နဲ့ကြုံတဲ့အခါ အမြင်မှန်ဖို့နဲ့ သံသယကင်းဖို့ အတွက် ဓမ္မကိုကျင့်ကြအားထုတ် နိုင်ကြပါစေကုန်သတည်း.......

(ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ)
( ''န စ သော၊န စ အညော' တရားတော်မှ ကောက်နှုတ်ချက်)
ဓမ္မမိတ်ဆွေများကျန်းမာချမ်းသာကြပါစေဗျာ
_

No comments:

Post a Comment