လန့်လို့ကာတဲ့ ကန့်လန့်ကာ
...........................................လက်သီးလက်မောင်း
ဖြောင်းဖြောင်းထအောင်ဆန့်တန်းနေဆဲ
သွေးသံရဲရဲအလိုမပြည့်ဝခြင်းများ
အံတကြိတ်ကြိတ်မီးတဝင်းဝင်း
အကျဉ်းခန်းထဲကတောက်ခတ်သံပြင်းပြင်း
ထုမသေ ရိုက်မကြေ အမှန်တရား
နင်းမသေ ပစ်မသေ မှုန့်လို့မှမကြေ အမှန်တရား
ညည်းမတွားသေးသ၍
ဆွခံတစ်လှည့် ညှင်းပြန်တစ်ချီ အမှန်တရား
ဖိအုပ် လည်လိမ်ချိုး ပခြုပ်အိုးထဲထည့်လည်း
ပါးပျဉ်းဝင့်ဆဲ အစွယ်ပြူဆဲ နှာမှုတ်သံပြုဆဲ
အုပ်သက်ရှည်လေ အောင်းဆိပ်ပြင်းလေ
မြွေဟောက်ဆိုး ဝိဥာဉ်ဝင်စား အမှန်တရား ။
လိပ်ပြာတွေ
ပယောဂနဲ့မွန်းတဲ့လိပ်ပြာတွေ
ကိုယ့်စိတ်ကင်မရာ ကိုယ်ခလုတ်မဖိရဲ
ပုတ်အဲ့အနံ့စွဲ အဲဒီ့လိပ်ပြာတွေပေါ့
ကျည်ဆန် အမြောက်ဆန်နဲ့ပိတ်မရတဲ့
ပြိုအံ့မူးမူးအသံတွေထဲ ဖျတ်ဖျတ်လူးနေကြ ။
ဘယ်လိုမှနားမခံနိုင်တဲ့နောက်
ပွဲမပြီးသေးပဲ ပြည်ဖုံးကား ဖရိုဖရဲဆွဲအချ
မညီပဲ သတိဆွဲဆိုလိုက်ရ ငြိမ်းချမ်းရေး တေးသွား
ဖုတ်ဝင်သက်မဲ့ကိုယ်ကောင်များ
အပြုံးသေနဲ့ဂုဏ်ပြုလိုက်ကြ
အဲဒီ့ည
စိတ်ပျက်လောက်အောင်လှတော့တယ် ။
ခက်ဦး
၅ . ၄ . ၂၀၁၅
ညဥ့် ၁၂ : ၂၅
No comments:
Post a Comment