မြက်ခင်းစိမ်းလေးရဲ့နှုတ်ထွက်စကား
ကိုယ်ဟာမြက်ခင်းစိမ်းလေးပါ
ကိုယ့်ရင်ကိုခွဲမယ့်အပင်အတွက်
ကိုယ်ကိုယ်တိုင်ပေါင်းသင်ခံရဲသူပါ ။
မြေဆီလွှာပြုန်းတီးခြင်းဆိုတာ
ကျွန်တော်နဲ့တိုက်ရိုက်မပတ်သက်
တချို့ တချို့များကတော့
တယုတယနဲ့ ရေလောင်း
ခေတ်မီ အုတ်တွေနဲ့ ဘောင်ခတ်
ပြီးရင် ကျွန်တော့်ခေါင်းကိုသူတို့
အင်ဂျင်တပ်ဓားသွားလေးနဲ့
စနစ်တကျဖြတ်ခုတ်ကြတော့မယ်လေ
အုတ်စည်းရိုးတွေကြားမှာ
ကိုယ့်ရဲ့
လွတ်လပ်စွာကျယ်ပြန့်ရခြင်းတွေ
ပျောက်ကွယ်ဝေးလွင့်ခဲ့ရပြီပေါ့ ။
တကယ်တော့
ကိုယ်ဟာ မြက်ခင်းစိမ်းလေးပါ
အကြိမ်ကြိမ်သေဆုံးပြီး
အကြိမ်ကြိမ်ရှင်သန်ထမြောက်မယ့်သူပါ ။
ကျွန်တော့်ကိုမလိုအပ်ဘူးလား
ဓားနဲ့ခုတ်ပါ
ပေါက်တူးများနဲ့ဆွပါ
သင်တို့ရဲ့လက်တွေနဲ့
ကျွန်တော့်ကို ဆွဲယူလွှင့်ပစ်ပါ
သင်တို့အလိုကျ
ဆီလောင်းမီးရှို့လိုက်ပါ
ကျွန်တော့်ကိုယ်ပေါ်ကိုတော့
ဓာတုဆေးရည်တွေမပက်ဖြန်းကြပါနဲ့
ထပ်မံသေဆုံးဖို့အတွက်
ရှင် သန် ခွင့်လေးတော့ပေးခဲ့ပါ ။
ကိုယ်ဟာ မြက်ခင်းစိမ်းလေးပါ
ကိုယ့်ခေါင်းပေါ်နင်းဖြတ်သူများအတွက်
နူးညံ့ညင်သာစေမယ့်သူပါ ။
ချစ်သူအတွက်
ပန်းလေးတစ်ပွင့်မျှ ပွင့်မပေးနိုင်သူ
ချိုမြိန်သစ်သီးများ သီးမပေးနိုင်သူ
ချစ်သူနင်းဖြတ်ဆော့ကစားဖို့အတွက်
ကိုယ့်ရင်ခွင်တစ်ပြင်လုံး
စိမ်းလန်းစွာ ခင်းကျင်းပေးရဲသူ ။
ကိုယ်ဟာ မြက်ခင်းစိမ်းလေးပါ
နှိမ့်ချရင် နှိမ့်ချသလောက်
ပြန်လည် စိမ်း လန်း စေမယ့်သူ ။ ။
ဇာန်မိုးဆဲလ်
No comments:
Post a Comment