Friday, November 20, 2015

နန်းတွင်းကားကြည့်ခြင်း - ခက်ဦး


နန်းတွင်းကားကြည့်ခြင်း
_______________


``အရှင့်အတွက်ဆိုမီးပုံထဲလည်းခုန်ချပါ့မယ်´´တဲ့
အဲ့လိုဇာတ်လိုက်ကျော်တွေနဲ့

``မင်းမဟုတ်တာငါဖော်လိုက်မယ်´´
``အေးငါ့ဖော်လို့တော့မင့်လည်းမစားသာဘူးမှတ်´´တဲ့
အဲ့လိုအဲ့လိုဝန်မင်းတွေနဲ့

တပည့်မွေးသူမွေးကြ ဆရာမွေးသူမွေးကြ ဘက်ရွေးရပ်သူ နေရာရွေးရပ်သူတွေနဲ့
အခွင့်မျိုးငယ်မျှော်
အဲ့လိုအမှုတော်ထမ်းတွေနဲ့

အထက်က``သယ်.........´´ဆိုတာမှမဆုံးသေး
ယဉ်နေတဲ့လက်ကဇက်ပိုင်းပြီးသား
အဲ့လို အာဏာတော်ထမ်း
ပါးကွက်သားတွေနဲ့

စစ်ပဲရူးတဲ့စစ်ဘီလူးအိုတွေနဲ့
``စစ်ဖြစ်ခဲ့ရင် ငါ့ဘဏ္ဍာတွေကို.....´´ဆိုတာထက်
ကျော်မတွေးတတ်တဲ့မှူးမတ်အိုတွေနဲ့

စိတ်တော်သိတွေရှေ့တိုးခစား
လာ ရော့! လက်ဆောင်တော်ယူသွား
ဆန့်ကျင်ဝံ့သူလား မင်းလာခဲ့! ကျောတစ်ရာရင်တစ်ရာ
ဒါပဲသိတဲ့နှလုံးရည်မျိုးနဲ့

မလုံမလဲဖရိုဖရဲ ရုပ်အဆင်းအင်္ဂါနဲ့:
ထိုကဲ့သို့သော ဘုရင်ဟုမည်ခေါ်
အနှီပုဂ္ဂိုလ်ကျော်နဲ့

ဦးထောင်လို့ပဲ့နင်း ပဲ့နင်းလို့ဦးထောင်
မဟာ့မဟာဇာတ်ချာချာလည်ကြီး
ပက်ပက်စက်စက် ခမ်းနားလှချည်ရဲ့

ရုတ်တရက်
နန်းဆောင်တွေပေါ်မှတည့်တည့်
ဘယ်ကမှန်းမသိ
ယမ်းတွေအမြောက်တွေတဝုန်းဝုန်းကျကွဲ
မြှားမိုးဓားမိုးတွေနဲ့ဝရုန်းသုန်းကား
အားလုံးဟုန်းဟုန်း တောက်ကုန်ပါလေရော

ဘာပြောကောင်းမလဲ
မီးထဲ ငိုသူငိုအော်သူအော်နဲ့
ဇောချွေးအရွှဲသား သောကမျက်နှာနီနီကြီးတွေနဲ့
မှူးမတ်တွေဝန်တွေဘုရင်နဲ့မိဘုရားတွေပေါ့
ဘဏ္ဍာထုပ်ဆွဲ ရတနာထုပ်ဆွဲ ဓားဆွဲ သန်လျက်ဆွဲ
ကမူးရှူးထိုးရောက်မိရောက်ရာ
ဖန်သားပြင်ရှိရာတည့်တည့် ထပြေးလာမယ်အလုပ်

ကမန်းကတန်းပဲ
တီဗီကိုကျွန်တော်ထပိတ်လိုက်တယ် ။      ။

                       ခက်ဦး
               ၁၈ . ၁၁ . ၂၀၁၅

No comments:

Post a Comment