Wednesday, March 30, 2016

ဦးကြွက်နီ - သန်းတင့်



https://donisdope.wordpress.com/category/real-hip-hop/


" ဦးကြွက်နီ "

          ( သန်းတင့် )


ကျွန်တော်တို့ဒေသ ( မော်တင်စွန်း နဲ့ ချောင်းသာကြား ) မှာ အလှု မင်္ဂလာဆောင်ဆိုရင် နည်းနည်း ဆန်းတယ် မင်္ဂလာဆောင် ကပိုပြီး ပြောစရာများတယ် ဖိတ်တဲ့သူက အိမ်ပေါက်စေ့ လက်ဖက်ထုပ် သေးသေးလေးတွေပေးပြီးလိုက်ဖိတ်ရတယ် ဒေသသားတွေက ဘယ်သူ့သားနဲ့ ဘယ်သူ့သမီးတော့ လ္ဘက်ကမ်း ထားတယ် လို့ပြောကြတယ် တခြားရွာ တွေကိုလည်း လေးငါးရက် စောပြီး လူလွှတ်ဖိတ်ကြားတာရှိတယ် အဲဒါကို ပွဲစားခေါ်တယ်တဲ့ မင်္ဂလာပွဲစားဖို့ ခေါ်တာကို အတိုချုပ်ပြောတာဖြစ်မယ် အဖိတ်ခေါ်ခံရသူက သတို့သား သတို့သမီးနဲ့ မသိလဲ လာဖိတ်တဲ့ သူနဲ့ သိရင် လိုက်ကြတာပါပဲ တခါတလေ အဝေးကြီးအထိ ညအိပ် ညနေလိုက်ကြရတာ အရင်က ဆိုင်ကယ်မရှိ ကားမရှိ ကုန်းကြောင်း ခြေမြန်ပေါ့လေ တချို့ မင်္ဂလာဆောင်အိမ်ကို မနက်ကသွားတာ ညမှရောက်တယ် အဲဒီတိုင်း ပင်လယ်ကမ်းစပ် မှာ အုပ်စုလိုက် လမ်းလျှောက်ကြတာပေါ့ တခါတလေများ ကိုယ့်ကိုမဖိတ်တာတောင် ပတ်သက်ရာပတ်သက်ကြောင်း မိစပယ်တင် တို့ မေသွားတက်လေး တို့ ပါးချိုင့်ဝါဝင်း တို့ လိုက်သွားတာတွေ့ရင် မြင်းခေါင်းပေါင်ဒါ တဘူး ခါးထိုးပြီး အတင်း မရမက လိုက်ခဲ့ဘူးတယ် ရှေ့ကသွားသူက သက်ဆိုင်သူသို့ဆိုပြီး ကဗျာတွေ စာတိုလေးတွေ သောင်ပြင် မှာရေးထားခဲ့ နောက်က ဆိုင်တဲ့လူကဖတ် အသဲပုံ မှာမြှားတွေဘာတွေစိုက်ပြီး သရုပ်ဖော်ပုံတောင်ထည့်လိုက်သေးတယ် ငယ်ဘဝပျော်စရာတွေဆိုတာ ကြာလေကြာလေ လွမ်းစရာဖြစ်တတ်တဲ့သဘောရှိတာ ခုမှသိတော့တယ် ။


ပြောချင်တာက ဦးကြွက်နီ အကြောင်းပါ ။  ဆံပင်ကောက်ကောက် ပိန်ရှည်ရှည် အသားမဲမဲ သူ့ကို ကမ်းခြေရွာ အားလုံးက သိကြတယ် သိပ်ပြီးတော့ စိတ်ကျပ်မပြည့်တဲ့ ဦးလေးပါ အေးအေးဆေးဆေးပါပဲ မင်္ဂလာဆောင် အလှူ အသုဘ အဆုံး ဦးကြွက်နီးရှေ့ဆုံးက ရောက်နေတတ်တယ် ဖိတ်ဖိတ် မဖိတ်ဖိတ် ရေနွေးကျို ထင်းခွဲ အိုးဆေးခွက်ဆေး ကွမ်းဆေးလိပ် ချပေး တာ ဦးကြွက်နီရဲ့ အလုပ်တွေပေါ့လေ တဝမ်းတခါး ဒီလိုပဲ ရွာလှည့်ပြီး စာသောက်နေတတ်တယ် ပွဲလမ်းမရှိချိန်ဆို နီးစပ်ရာဘုန်းကြီးကျောင်း က သူ့အတွက် ကြယ်ငါးပွင့် ရီဇော့ ပဲ သီချင်းအမျိုးအစားပေါင်း စုံစုံ လင်လင်လည်း ဆိုတတ်သူပါ တေးတရာ ကြွက်နီ အဖြစ်လည်း မစို့မပို့လေးကျော်ကြား ရှာတယ် ကမ်းခြေသားအားလုံးကလည်း စေတနာရှိကြတယ် ဖြတ်သွား ဖြတ်လာ တွေ့လိုက်ရင်တောင် ဟဲ့ကြွက်နီ ထမင်းစားသွား သရက်သီးမှည့် ယူသွားစသဖြင့် တခါတော့ နေ့ခင်းဖက် ပျင်းပျင်းရှိတာနဲ့ ယာဂု ကျိုစားကြတယ် (ထမင်း ကို ထန်းလျှက်နဲ့ ပျစ်နေအောင် ကျိုထားတာပါ )  ထန်းလျှက်များ လို့ ချိုလိုက်တာ ဘယ်သူမှ များများမစားနိုင်ကြဘူး ချိုလွန်းတော့ ရင်တွေပါပူလာရောပဲ စားရကံ ကြုံချင်တော့ ကိုယ့်ဆရာက ဖြတ်အသွားတွေ့လိုက်လို့ ယာဂု စားရအောင်လှမ်းခေါ်ကြတယ် မီးဖိုချောင် ထဲသွားရှာစားပေါ့လေ ခူးခပ်ပြီးလည်း ကျွေးမနေတော့ဘူး ဝက် မွေးထားတဲ့အိမ်ဆိုတော့ ဆန်ကွဲကို ဝက်ကျွေးဖို့ ကျိုထားတာတွေလည်းရှိတယ် ဦးကြွက်နီ ကတော့ အိုးကြားခွက်ကြား ရှာဖွေစားသောက်သွားတာပဲ မနည်းကြာလို့ ပြန်ထွက်လာတော့ ဗိုက်ကို ဖောင်းကားလို့ ဘယ်လိုလဲ စားလို့ကောင်းလားမေးကြည့်တော့ ဆိမ့်တော့ ဆိမ့်တယ် အချို နည်းနည်းပေါ့တယ်ပြောပြီးထွက်သွာပါလေရော စဉ်းစားစရာတော့ ဖြစ်ကျန်ခဲ့တာပေါ့ ချိုလွန်းလို့ မစားနိုင်ကြတာမှာ သူပြောပုံကြားတော့ သိပ်မသင်္ကာတော့ဘူး နောက်ဖေးဝင်ကြည့်တော့မှ ဝက် နှစ်ကောင် စားဖို့ ကျိုထားတဲ့ ဆန်ကွဲ ဝက်စာအိုးက တခြမ်းကုန် နေတာတွေ့တယ် ယာဂု အိုးနဲ့ ဝက်စာအိုး တိုင်ပင် လွဲသွားတာကို ရီရမလို သနားရမလို အဲဒီလို ဦးကြွက်နီပါ

နောက်တခါ တိုင်ပင်လွဲတာရှိသေးတယ် တောရွာတွေမှာ ကက်ဆက်ကို လော်စပီကာ ကြီးနဲ့ အကျယ်ကြီးဖွင့်တယ်ဆိုတာ ပွဲလမ်း မရှိရင် ကြားရခဲတယ် အဲဒီလိုဖွင့်ရင် တရွာကျော် နှစ်ရွာကျော် ကကြားရတာပဲ ဘယ်သူ့အလှူ ဘယ်ရွာက မင်္ဂလာဆောင် စသဖြင့် အားလုံးသိကြတယ် အဲဒီကက်ဆက်သံက ဦးကြွက်နီ အတွက်တော့ သိပ်တန်ဘိုးရှိတဲ့ လမ်းပြမြေပုံ ရုတ်မက်ပဲ ဖွင့်နေတဲ့ဆီကို ဘယ်လောက်ဝေးဝေး ဓားတောင်ရော မီးပင်လယ်ရော နှစ်လှမ်း သုံးဖဝါးနဲ့ ခွကျော် လာတာပဲ လုပ်စရာရှိတာလုပ် စာစရာရှိတာစားပေါ့လေ မလာလို့ မျော်နေတဲ့ အလှူရှင်တွေတောင်ရှိတယ် သူလည်းသူ့ပရိပ်သတ်ရှိတယ် ခေသူတော့မဟုတ်ဘူး တရက်ဖြစ်ချင်တော့ ပွဲဆက်ပြတ်နေတဲ့အချိန် အသံချဲ့စက် ငှားတဲ့ အိပ်က ကက်ဆက်ပြင်ရင်း စမ်းပြီးအကျယ်ကြီးဖွင့်မိတယ် ပိတ်လိုက် ပြင်လိုက် ပြန်ပြီးစမ်းဖွင့်ကြည်လိုက် နဲ့ မနက်ပိုင်ထဲကလုပ်နေတာ ထမင်းစားချိန်လောက်ရောက်တော့ ကျွန်တော့ဇာတ်လိုက်ကြီး ဦးကြွက်နီ ချွေးတွေဘယ်စီးညာစီးကျလို့ နေပူကျဲကျဲမှာပေါက်ချလာရော အလှူအိမ်ဘယ်မှလည်းပေါ့ ဘေးအိမ်တွေက အလှူမဟုတ်ကြောင်း ကက်ဆက်( ကျွန်တော်တို့တော့ ခုထိ ကက်ဆက်ခေါ်တုန်းပဲ ) စမ်းတာဖြစ်ကြောင်ရှင်းပြရတယ် ဒီလောက်နေပူကြီးထဲ အားခဲလာသမျှ ခုဖြစ်ပုံမျိုး သူ့နေရာကစဉ်းစားကြည့်ပေါ့လေ တော်တော်လေးခံစားသွားရပုံပဲ ဒေါသတွေ ရှူးရှူးရှားရှားနဲ့ နောပေတဲ့လို့ ဘယ်သူ့ကို စိတ်ဆိုးလိုက်ရမှန်းကိုမသိ နှဖူးကချွေးကို ပုဆိုးစ နဲ့သုပ်ရင်း " ကက်ဆက်စမ်းတာ နောက်တခါ သတိထားပြီးစမ်း ရပ်ဝေးကလာရတာ "ဆိုပြီး စက်စမ်းနေတဲ့လူကို လက်ညှိးငေါက်ငေါက်ထိုးလို့ ပြော
ပြီး ထွက်သွားပါလေရော ဦကြွက်နီ ဆုံးတော့ ကျွန်တော် ရွာနဲ့ အဝေးကြီးတွေမှာ ရောက်နေပါပြီ သံသရာခရီးထွက်သွားပြီးဖြစ်တဲ့ကမ်းခြေရွာများရဲ့ သာရေး နာရေးကြီးဦးကြွက်နီ တယောက် အေးချမ်သောဘုံဘဝ မှာ ချိုသော ဆိမ့်သော ယာဂု အိုးနဲ့ သာတွေ့ပါစေကြောင်း ။     ။


(  ကျွန်တော်တို့လည်း နှစ်ပေါင်းငါးဆယ်ကျော် မောမောပန်းပန်း ခရီးကြမ်းသမျှ ဒီနေ့တော့ သီချင်းသံကြားရပါပြီ နတ်ကောင်းလမ်းညွှန်လို့ ကက်ဆက်စမ်းတာတော့ မဖြစ်ပါစေနဲ့ ဘုရား)


သန်းတင့်












No comments:

Post a Comment