Monday, April 11, 2016

အေးရာအေးကြောင်း - မောင်ကြူးရင့်

http://www.minted.com/design-rating/88272


အေးရာအေးကြောင်း

___________________________

မနက်ခင်း
နေရောင်မလာခင်
မြေးနှစ်ကောင်လက်ဆွဲပြီး
အိမ်အပြင်လမ်းလျှေက်ထွက်ခဲ့တယ်
စိတ်ကမှန်သားပြင်လိုကြည်လင်လို့
မြေးနှစ်ကောင်ကယုန်ကလေးတွေလို
ခုန်ဆွ ခုန်ဆွ နဲ့ပျော်လို့
အေးရာအေးကြောင်း

မုန့်ဟင်းခါးစားကြတယ်
နွားနို့သောက်ကြတယ်
တောဈေးကလေးထဲသွားကြတယ်
ကွမ်းယာရောင်းသူကကွမ်းယာရောင်းလို့
ုမိုးပျံပူပေါင်းရောင်းသူကမိုးပျံပူပေါင်းရောင်းလို့
ဈေးရောင်းသူကဈေးရောင်းလို့
မြေးနှစ်ကောင်လည်းငေးလို့မြူးလို့
စိတ်ဟာလေဟာနယ်လိုပေါ့ပါးလို့
အေးရာအေးကြောင်း … …

ဘုန်းကြီးကျောင်းထဲဖြတ်လာတယ်
သစ်ရိပ်ဝါးရိပ်တွေကအေးမြလို့
အရုဏ်ဆွမ်းစားပြီးပြန်ကြွလာတဲ့
ဘုန်းတော်ကြီးတွေကို
မြေးမလေးကလက်အုပ်ကလေးချီရပ်လို့
စိတ်ဟာကန်ရေပြလိုကြည်လင်လို့
အေးရာအေးကြောင်း …

အေးဆေးပဲ
ကိုယ့်အလုပ်ကိုယ်လုပ်
သူတို့အလုပ်သူတို့လုပ်

               မောင်ကြူးရင့်

               ၁၁့  ၄့  ၂၀၁၆

No comments:

Post a Comment