Thursday, April 7, 2016

အ ရိ ပ် - တမျိုးနီ

Design ; YLA thefourisland


အ ရိ ပ်

______________________________

ဈေးတကာလှည့်ပတ်ပြီး
ဖိနပ်ပါးလို့ပေါ့သွားတဲ့အမြတ်က လွဲရင်
ကျန်တာ ဘာမှ လျော့ကျမသွားဘူး။
ငါ့နာရီတွေဟာ အကြိမ်ကြိမ်မှားတယ်
ငါ့အဓိပ္ပါယ် တွေဟာ အကြိမ်ကြိမ် ၀ိုင်းပယ်ခံရတယ်
မနက်ဖြန် တွေပေါ်က ငါ့အစာတွေ
ငါဟပ်ဖို့ကြိုးစားတိုင်း အရိပ်တွေဖြစ်ဖြစ်သွား
ငါ့ကိုယ်ငါ လှည့်စားနေတဲ့အရိပ်မှာ
ငါဟာ လောင်းရိပ်မိနေတယ် ။
လမ်းပေါ်က လူတွေ ကိုမသိချင်တော့ဘူး
ဟိုး မိုးပေါ်က ပြုတ်ကျလာမယ့်ဒုက္ခတွေကို မသိချင်တော့ဘူး
တိုက်မြင့်မြင့်ကြီးတွေရဲ့ အရိပ်ပေါ်ငါရပ်တော့
ငါဟာ မိုးမြင့်အထပ်တွေပေါ်ရောက်သွားမလား
စိတ်ကူးနဲ့မျောနေတဲ့လမ်းတွေကို
ဘယ်လိုသတ်မှတ်မှုမျိုးနဲ့မှ မရပ်တန့်ပစ်ကြပါနဲ့။
အဓိပ္ပါယ် သိသိ မသိသိ
ကိုယ့်ရှေ့လူရှိရင်ပြုံးပြနေရတာ လောကပါလ လား
လှေနံဓားထစ် ငါအကျင့်ပျက်ပျက်လာတယ် ။
ငေးမောမှုဟာ အဆိပ်ပဲ
အဲ့ဒီအဆိပ်ကို ကန်ထရိုက်ဆွဲထားသူဟာ ငါပဲ
သမိုင်းအဆင့်ဆင့် ဒဏ္ဍာရီ အဆင့်ဆင့်
အမှန်တရားနဲ့ သီးပွင့်တဲ့ အပင်တိုင်းဟာ အဆိပ်ပဲ
ငါဟာ အဲ့သလိုငေးတယ်
လေဟာ တရားရား မတရားရား တိုက်မှာပဲ
သစ်ရွက်ကလေးတွေဟာ အပြစ်ရှိရှိ မရှိရှိ ကြွေရတာပဲ
ငါက အဲ့ဒီစိတ်နဲ့ အမည်မဲ့သစ်ရွက်ကလေးတွေကိုသနား
ငါ့ကိုယ်ငါ သူတို့အစား ကြွေကျသွားချင်တယ်
အမည်မဲ့သစ်ရွက်ကလေးတွေရဲ့အရိပ်မှာ
ငါအိပ်စက်ချင်လို့ ။     ။

တမျိုးနီ



No comments:

Post a Comment