ချာ ချာ လ ည်
____________________သူရေးကိုယ်တွေးတဲ့လောကဓါတ်တခွင်လုံး
အဆုံးမသတ်နိုင်သောသံသရာဟာ
အောက်ခြေအလွှာမှာချာချာလည်။
လူကြီးလူကောင်းဆိုသူတွေမော့သောက်တဲ့ခွက်ထဲ
စားပွဲထိုးလေးတွေချာချာလည်။
ကြွပ်ကြွပ်အိတ်ကင်းစင်နယ်မြေမှာလည်း အမှိုက်ပုံမွှေနှောက်ပလပ်စတစ်ကောက်
ဘဝလေးတွေချာချာလည်။
အစိမ်းရင့်ရောင်ဝတ်စုံနဲ့
ကျောပိုးအိတ်ကိုမနိုင့်တနိုင်လွယ်
ဘဝလေးတွေချာချာလည်။
လောဘသားများကားနောက်ခန်းက
ဟိုးးးးအမှောင်လမ်းဆီမှာ
ဘဝလေးတွေချာချာလည်။
''အခွေတွေခိုးကူးသလို
ဘဝတွေလည်းခိုးခိုးပြီးကူးကူးသွားကြလို့
ဟိုဘက်ကမ်းကမီးထိန်ထိန်တွေမှာ
ဘဝများစွာချာချာလည်။
အဖေကဆိုက္ကားထွက်နင်းရင်
ဗိုက်ကြီးသည်အမေက ဈေးဗန်းလေးထဲငါးတွေထည့်
ဗုံတွေစီထားသလိုသားသမီးတွေက
မြင့်ကာနိမ့်ကာ
ညီလေးငိုရင်ထိန်းနေရလို့ပါဆရာမ
ညီမလေးငိုရင်ချီနေရလို့ပါဆရာမ
စာသင်ခန်းဆီမရောက်ရတဲ့သူတို့အရွယ်
ထိုထိုဘဝလေးတွေချာချာလည်။
မိဘမဲ့ကျောင်းတွေဆီမှာ
စစ်ဘေးဒုက္ခသည်စခန်းတွေမှာ
သီရိမင်္ဂလာဈေးညတွေမှာ
အမြို့မြို့အနယ်နယ်မေးဝယ်နိုင်သည်တွေမှာ
ကလေးလေးများစွာချာချာလည်။
ဆိုရင် …့ 
ရေများရေနိုင်ညနက်တွေထဲ
မီးများမီးနိုင်နေလည်ခင်းတွေထဲ
ကဗျာဆရာ ဆိုင်တစ်ဆိုင်ထဲဝင်မိတဲ့အခါ
ဦးလေးသားကိုထမင်းဖိုးလေးပေးပါဦးရယ်
သမီးကိုထမင်းဖိုးလေးပေးပါဦးရယ် တဲ့။
… … …
… … … …… ………
''ကလေးလေးတွေပညာရရှိဖို့တော''့
ဆရာမြို့မငြိမ်းရဲ့လူချွန်လူကောင်းသီချင်းကြားတိုင်း ''ဒါဒို့တိုင်းဒို့ပြည်ဒို့မြန်မာတွေ''
ဇာတိမာန်သီချင်းကြားတိုင်း…
ကဗျာဆရာရဲ့အတွေးဟာ
ကဗျာဆရာရဲ့အာရုံဟာ
ကဗျာဆရာရဲ့နိုင်ငံဟာ
ကဗျာဆရာရဲ့ကမ္ဘာဟာ
ကဗျာဆရာရဲ့စကြာဝဠာဟာ
ကဗျာဆရာရဲ့သံသရာဟာ
ရင် နာ ခြင်း နဲ့ ချာ ချာ လည်။ ။
No comments:
Post a Comment