Saturday, August 11, 2012

တောင်စခန်းမြို့ လေး

အောင်လွန်းမြိုင်


ပင်လယ်ရေမျက်နှာမှ အမြင့်ပေ ၄၀၅၀
ဟိုတုန်းက မမက်ဖူးတဲ့အိပ်မက်
အခုမက်တယ် ။
ဟိုး . . . အဝေးက လှမ်းမြင်ရတဲ့မြို့ ဟာ
တောင်ကွေ့ပတ်တက်ရာလမ်းမှာ
ရှေ့ ကနေ ဘွားကနဲပေါ်လာလိုက်
ပျောက်သွားလိုက်
ဘေးမှာ တွေ့လိုက်
အနောက်မှာ ကျန်ခဲ့လိုက် ။
လမ်းတစ်လျှောက်လုံးက ဖုန်အလိမ်းလိမ်း
နှင်းစိမ်းနဲ့ ဆော့ကစားလို့ပေါ့ ။
မေ့လောက်မှ ကားတစ်စီး
မျက်နှာချင်းဆိုင်လာ
ဟွန်းတီးပြီး တက်လာခဲ့တယ် ။
ဧရာမ ကျောက်နီ ကျောက်ညိုတုံးတွေ
ဘယ်သူများ ရွာချထားပါလိမ့် ။
ငုံ့ကြည့်ရာတောင်ခါးစောင်းမှာ
လက်ဖက်ခင်း၊ ဒူးရင်း၊ ဖာလာဒညင်းနဲ့
အစိမ်းအုံ့အုံ့ တောပင်ရိုင်းတွေ
ဟိုး . . . . . . .အောက်မှာ
မြူတွေနဲ့ ဖုံးပိနေတဲ့ စိမ်းပြာပြာလေး
တိမ်မျှင်တွေကို ထိုးခွဲမောင်းနှင်လာတဲ့ကားကို
မြို့ ဟာ သူ့ရင်ခွင်ထဲကို ပြေပြေလေးဆွဲသွင်း
မြွေတစ်လို ညှို့ ယူထားပါလေရော ။………………..။
အောင်လွန်းမြိုင်

ပိတောက်ပွင့်သစ်၊ ဇွန်လ၊ ၂၀၁၁
တောင်ငူမြို့ရဲ့ အရှေ့ဖက်မှာရှိတဲ့ သံတောင်မြို့ အမှတ်တရ ကဗျာလေးပါ ။........။

No comments:

Post a Comment