Wednesday, October 31, 2012

ရန်လင်းအောင် ရဲ့ ကဗျာများ . . . . .. .






ကျောင်းရနံ့ 

ကြယ်စုကြယ်ဝေးတွေ  ဘယ်ကလာ……….
ပန်းကလေးတွေ  ဖြေနှင့်ပြီ 

ပန်းကလေးတွေ  ဘယ်ကလာ………….
စိမ့်စမ်းစီးသံဖြေနှင့်ပြီ ၊

စိမ့်စမ်းစီးသံဘယ်ကလာ…………….
ခေါင်းလောင်းသံလေးတွေ  ဖြေနှင့်ပြီ ၊

ခေါင်းလောင်းသံလေးတွေ    ဘယ်ကလာ………
နှလုံးသားကောင်းတွေ  ဖြေနှင့်ပြီ ၊

နှလုံးသားကောင်းတွေ  ဘယ်ကလာ………………..
ကောင်းကင်နဲ့အမျှ  အဖြေဦးပြီ ၊
ကြယ်စုစာရင်းမှာ
အသစ်ဖွင့်လို့  မဆုံးတော့ပြီ  ။………………..။


                                    ရန်လင်းအောင်
                                 ၂၀၀၈ခုနှစ်၊ ဧပြီလ
                                နန်းတော်ရာမဂ္ဂဇင်း။
                    တောင်ငူမြို့  (အ.ထ.က  ၂)ကျောင်းမဂ္ဂဇင်း  













    
     ကံကောင်းတဲ့မျက်ရည်

ကဗျာနဲ့
ခဏခဏခလုတ်တိုက်
မှောက်လဲရတာကံကောင်းလို့၊

ငယ်ငယ်ကသိပ်နှစ်မိတဲ့
ငှက်ကလေးတွေရဲ့ အသံ
ခုထိ ကြားနေရတာကံကောင်းလို့၊

ငယ်ငယ်ကရေခိုးကူးဖူးတဲ့
တို့မြို့ထဲကရေကန်ကြီး
ခုထိမကောသေးတာကံကောင်းလို့၊

တို့မြို့ ကလေးထဲ
တသွင်သွင် စီးဆင်းနေတဲ့
မြစ်ကြီးကို
ခုထိ ပြုံးပြခွင့် ရနေတာကံကောင်းလို့

တေပေလေလွင့်နေတဲ့
ငယ်သူငယ်ချင်းကို
လက္ဘက်ရည်ခေါ်တိုက်နိုင်တာကံကောင်းလို့၊

ရန်ဖြစ်ဖေါ် ရန်ဖြစ်ဘက်
သူငယ်ချင်းတစ်ယောက်နဲ့
တရားစခန်းတစ်ခုမှာ
ပြန်တွေ့ရတာကံကောင်းလို့၊

မပွင့်သေးတဲ့ ပန်းကလေးတွေ
မဖတ်ရသေးတဲ့ စာအုပ်တွေ
မသိရသေးတဲ့ လမ်းမကြီးငယ်အသွယ်သွယ်တွေ
မလွမ်းရသေးတဲ့ အမှတ်တရနေ့တွေ
မချစ်ရသေးတဲ့ အထိမ်းအမှတ်နေ့တွေ
မလင်းလက်သေးတဲ့ ကြယ်ကလေးတွေ
ရင်နဲ့ မတွေ့ဖြစ်သေးတဲ့ မြင်ကွင်းတွေ
စသဖြင့်  စသဖြင့် . . . . . . . . . . . . . .
ဒီအရှိတရားတွေ
ရှိနေကြတာရှိနေကြမှာ
သိနေရတာကံကောင်းလို့ ၊

ကိုယ်လောက်မှကံမကောင်းဘဲ
ကိုယ့်လိုမျက်ရည်မလွယ်သူတွေအတွက်
မျက်ရည်လိုက်ကျပေးတတ်တာဟာလည်း
ကံကောင်းလို့                
                        ရန်လင်းအောင်










No comments:

Post a Comment