မြင်ကွင်း
အောင်လွန်းမြိုင်
ရေချိုးသန့်စင်ပြီးစ
ဟောဒီ လေညှင်းတွေ
ကမူးရူးထိုး ပြေ၀င်လာဖို့
ပြတင်းတံခါးအဖွင့် . . . . . . ။
စကားလုံး အနုအရင့်တို့
အရောင်အသွေးစုံ စကြ၀ဠာထဲ
မောင်းနှင် ……………
စိတ်ကူးသွေးကြောနဲ့ ရာဇ၀င်တွေ
မောင်းနှင် ……………
တမျှော်တခေါ် လယ်ကွင်းတွေရဲ့
ရင်သားပြင်ပေါ်က
ဒုတိယမြောက် စိမ်းလန်းခြင်းတွေ
မောင်းနှင် ……………
ပါးစပ်သချိုင်းအတွက်
ချွေးသီးချွေးပေါက်တို့
မောင်းနှင် ……………
တက်ကုန်ရွက်ကုန်ဖွင့်ရင်း
မောင်းနှင် အား ပြင်းထန်တဲ့ ဦးခေါင်းများနဲ့
လူတွေ …………..
လူတွေ ………… တိမ်တွေ … ။ ။
အောင်လွန်းမြိုင်
ချယ်ရီ မဂ္ဂဇင်း / ၁၉၉၇
တွင်ဖေါ်ပြပြီး ။
နွေဦး
အောင်လွန်းမြိုင်
ဘ၀က
ဥသြငှက်ကလေးရဲ့
အသံထွက်ပေါက်ကို တိတ်ဆိတ်စေတယ် ။
ပျော်ရွှင်ခြင်း
အလုံးစုံသောအရာများ
မှားယွင်းစွာ ကောက်မကိုင်မိ ။
တစ်ရာသီစာမျှ
လှပချင်ယောင်
ဆောင်ချင်တိုင်းဆောင်နေတဲ့
နေ့လယ်ခင်းတွေကလည်း
ဖုန်အလိမ်းလိမ်း
သင်္ကြန်ရက်အတိုအစတွေနဲ့
ရောစပ်ထားလို့ ။
တောစိမ်း တောင်စိမ်း
မြူခိုးစိမ်းတွေမရှိတဲ့အရပ်
သစ်ရွက် ရယ် . . . . . .
သစ်ပင်အိုရယ် . . . . . .
ဆွတ်ကျင်ဖွယ်
ဝေးကွာခြင်းဂီတတေးကိုဆိုလို့ ။
ထောင့်ချိုးကလေး ရယ် . . . . .
လမ်းကျဉ်းကလေး ရယ် . . . . .
မြင်ကွင်းတစ်ခုရယ် . . . . . . . .
အုံ့ခနဲ ဆိုင်းလိုက်တဲ့ မိုးသားတိမ်ရယ် . . . . . . .
ယောင်းမမြင်းစီးထွက်သွားတဲ့
မြောက်ပြန်လေရယ် . . . . . . . . .
ဒါ . . . . . . . . . .
ငါ ငြင်းလို့မရတဲ့
အရူးသွပ်ဆုံးရာသီပဲ ။ ။
အောင်လွန်းမြိုင်
မဟေသီ မဂ္ဂဇင်း
ဧပြီလ ၊ ၁၉၉၄
တွင် ဖေါ်ပြပြီး ။
မောင်ခိုင်မာ
ဧည့်ခန်းများကို ဖြတ်သန်းခြင်း
မြန်မာ့စွယ်စုံကျမ်း(အတွဲ ၁၄)
၁၉၇၅ ခုနှစ်
လူ့ယဉ်ကျေးမှုအစ ပန်းချီ၊ဂီတ၊အကပညာကို ပါဠိလို သုခုမဗေဒလို့ အကြမ်းဖျင်း သတ်မှတ်ခဲ့ပါတယ်။ မြန်မာမှု နယ်ပယ်ထဲမှာတော့“အနုပညာ”ရယ်လို့တညီတညွတ်တည်းအတည်ပြုခဲ့ကြတယ်။လူ့ယဉ်ကျေးမှုအဆင့်အတန်းအတန်အသင့်အချိန်ကာလကအစပြုပြီးစာရေးတဲ့အတတ်ဟာပညာရပ်တစ်ခုအနေနဲ့ဖြစ်ထွန်းပေါ်ပေါက်လာခဲ့တယ်။ဘာသာစကားမှအနေနဲ့ဖြစ် ထွန်းပေါ်ပေါက်လာခဲ့တယ်။
ဘာသာစကားမှ တစ်ဆင့် ဘာသာစာပေ…… စာပေ ။
အသိပညာ၊ အတတ်ပညာတစ်ခုခုကိုပြုစုမှတ် တမ်း တင်တဲ့ စာပေဟာ အသိပေး စာပေ၊ သုတစာပေ (Non-Fiction)ဖြစ်တယ် ။
လောကသဘာဝနဲ့ လူ့စိတ်ကို ဖွဲ့နွဲ့တင်ပြတဲ့ စာပေကို ဖန်တီးမှု စာပေ၊ ရသစာပေ၊ အနုစာပေ… (Fiction) လို့ ခေါ်မှတ်ခဲ့ကြတယ်။
အနုပညာနယ်ပယ်ထဲမှာ ပါဝင်တဲ့ ဖန်တီးမှုစာ ပေ၊ စေတနာနှိုးစာပေ၊ ရသစာပေဆိုတာ လူ့လောကထဲ ကလူ့အဖြစ်အပျက်တွေကိုဗဟိုပြုတယ်။ဒိဋ္ဌဓမ္မလောကကို ချဉ်းကပ်တယ်။ ခေတ်ရဲ့ လက္ခဏာ အထွေထွေ အ ပြားပြားကို ခံစားထင်ဟပ်ဖော်ပြတယ်။ နှစ်သက်မှု (ရသ) တစ်ခုခုကို ပေးတယ်။
အနုစာပေဟာ သဘာဝကို ပုံတူကူးချခြင်းမပြုဘဲလူ့စိတ်ကူးဥာဏ်စွမ်းနဲ့ သရုပ်ဖော်ဖွဲ့နွဲ့တဲ့ ပညာရပ်ဖြစ် ခံစားသူရဲ.စိတ်ဘ၀င်ထဲကို စိမ့်ဝင် ထိုးဖောက်ပြီး စေတနာလှုံ့ဆော်မှုကို ညင်ညင်သာသာပြုတတ်တယ်။
ခံစားမှုတစ်ခုခုကို အရင်းခံပြီး ဖန်တီးဖွဲ့ဆိုကြ တဲ့ ပညာရပ်တွေထဲမှာ’’ကဗျာဗေဒ’’ ဆိုတာ အခက်အ လက် အညွန့်အတက်တစ်ခုဖြစ်တယ်။ဒါကြောင့် ကဗျာ ဆိုတာ သုခုမပညာ၊ ရသပညာ၊အနုပညာ၊ အလှပညာတစ်ရပ်ဖြစ် တယ်။သုတပညာ(သို့မဟုတ်)သိပ္ပံပညာနဲ့ရသပညာ(သို့မဟုတ်)အနုပညာဟာဘာကွာသလဲ။အဓိကခြားနားချက်ဟာဘာလဲ။သိပ္ပံပညာက အမှတ်သညာကိစ္စနဲ့ အကြောင်းတရားကို သရုပ်ခွဲပြီး ဖွင့်ဖေါ်ထုတ်ပေ တယ်။ဥနှောက်ကို အလုပ်ပေးတဲ့ စမ်းသပ်မှုမျိုးကိုအား ကိုးတယ်။ လူသားရဲ့တန်ဖိုးထက် အတတ်ပညာရဲ့  တန်ဖိုးကိုပိုပြီးရိုကျိုးတယ်။
သိပ္ပံပညာက ရုပ်ပစ္စည်းတွေ နောက်ကို တကောက်ကောက်လိုက်ပြီး အနုပညာက စိတ်လှုပ်ရှားမှု ကိုခြေရာ ခံတယ်။ပ ထမအမျိုးအစားကဥာဏ်……။ဒုတိအမျိုးအစားက ဈာန်….။ဒါကြောင့်အနုပညာတစ်ရပ်ဖြစ်တဲ့ကဗျာဆိုတာ(ဈာန်)အလုပ်ကိုလုပ် တယ်။
ဈာန်အကြောင်း မပြောမီ ကဗျာဆရာတိုင်း အောက်သက်ကျေပြီးသားလို့ ယူဆရမယ့် “ကဗျာ” ကိစ္စကို ပထမ စဉ်းစား ကြည့်ရအောင်။
”ကဗျာ” ဆိုတဲ့ ဝေါဟာရကို သဒ္ဒါအဟန့်နဲ့ ခံ့ခံ့ ညားညားအနက်ပြန်ဆိုကြည့်လျှင် ’ပညာရှိ က၀ိတို့ဖွဲ့သီ ကုံးတဲ့စာ”…. လို့အဓိပ္ပါယ်ရပါတယ်။ မြန်မာဘာသာနဲ့ လိုတိုရှင်းပြောရလျှင်တော့ ” သီကုံးဖွဲ့ဆိုတဲ့စာ” လို့ဆိုလျှင် လုံလောက်ပါပြီ။
ဒါပေမယ့် ကဗျာဟာ သူ့ချည်းပဲထီးတည်းရပ်မနေ ခဲ့ဘူး။ သူ့နောက်မှာ မိတ်ဘက်သဒ္ဒါတစ်ခုရှိနေသေးတယ်။
” လင်္ကာ” တဲ့။ လင်္ကာရဲ့ သဒ္ဒါအနက်ကိုတော့ ” တန်ဆာ ဆင်မှု”လို့အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။
(ကဗျာ+လင်္ကာ = ကဗျာလင်္ကာ)
” ဈာန်” ရဲ့  အနက်ကတော့ ပါဠိသသက်အလိုအရ ” အာရုံတစ်ခုခုကို ကပ်ပြီးရှုခြင်း” လို့ဖွင့်ဆိုပြခဲ့တယ်။
သည်တော့ ”ကဗျာလင်္ကာရဲ့ ဈာန်အလုပ်”ကိုတစ် ခုချင်းဖြုတ်ထုတ်စဉ်းစားကြည့်ရအောင် ။
၁။ ကဗျာဟာ ဘယ်အရာကို သီကုံးဖွဲ့ဆိုမလဲ………….။
၂။ ကဗျာမှာ ဘယ်လိုအလင်္ကာတွေနဲ့ တန်ဆာဆင်အပ်
သလဲ………..။
၃။ ကဗျာဟာ ဘယ်လို အာရုံမျိုးကို ချဉ်းကပ်ရှုမှတ်သင့်
သလဲ………..။
ဖော်ပြပါ ကိစ္စ (၃) ရပ်ကို အထောက်အကူပြုလမ်း ညွှန်နိုင်တဲ့ အရာဟာ ”ကဗျာဗန္ဓသာရကျမ်း” လား။” မြန်မာစာ ညွှန့်ပေါင်းကျမ်း” လား။ ”မြန်မာစာပေအဘိဓါန်” လား။ “မြန်မာ့စွယ်စုံ”လား။
ယောအတွင်းဝန် ဦးဖိုးလှိုင်ရဲ့ “အလင်္ကာ နိဿယျ ကျမ်း" ထဲမှာစူးစမ်းမလား။
လယ်တီဆရာတော်ရဲ. “ဂမ္ဘီရကဗျာကျမ်း” နဲ့ ညှိမ လား ။
ဆရာတော်ဦးဗုဓ်ရဲ.”ကဗျာသဒ္ဒသင်္ဂဟကျမ်း”ကို အာ ဂုံဆောင်မလား။
ဆရာဇော်ဂျီ ”ရသစာပေနိဒါန်း”ကို လက်ကိုင်ပြုမ လား။
ဆရာမောင်သာနိုးရဲ့  ”ထင်းရှူးပင်ရိပ်” က ကော တကယ်အရိပ်ရရဲ့ လား။
ကဗျာမှာ ကျမ်းဂန်သိပ်ဆန်ရင် စာအုပ်ဗီရိုသံပါ မယ်။အခြေခံဥပဒေသတွေနဲ့ ဂန္ထ၀င်လေ့လာချက်တွေကိုမျက်ကွယ်ပြုရင်လည်း ပရမ်းပတာကဗျာ ဖြစ်မယ်။ အမျိုးသားလက္ခဏာတွေ ကို ဖျောက်ဖျက်ပြီး နဖူးမှာအတက် ပေါက်၊ ခြေထောက်မှာ ပန်းပန်ပြလျှင်တော့ ဟာသကဗျာ စင်တော်ဖြစ်သွားမယ်။
သည်တော့ကာ ဂန္ထ၀င်ကိစ္စတွေကို ယောနိသော မနသိကာရ နှလုံးသွင်း။ ခေတ်ပြိုင်မြင်ကွင်းတွေထဲက တွေ့ ရှိချက်အသစ်တွေကို ကျေညက်စွာစိစစ်ပြီးမှ လက်ခံ။ တစ် ပါးသူဆီကရတဲ့ မိတ္တူဟန်ပန်ထက် ကိုယ့်အသံ အစစ်ဖြစ် အောင်အားထုတ်။မဂ္ဂဇင်းစာအုပ်တချို.မှာပါတတ်တဲ့ ကဗျာရဲ. ရသနဲ့ ဒဿနကို လိုက်ရှာနေမယ်ဆိုရင်တော့ ငါးစိမ်းတန်းမှာ “တရားစာအုပ်ဘယ်မှာရောင်းလဲ” လို့ မေးမြန်းတာမျိုးဖြစ်နေ လိမ့်မယ်။
“ရသ-ဒဿန”အမည်ခံ မဂ္ဂဇင်းတချို.ဟာ ရသနဲ့ ဒဿနကိုတစ်မတ်သားလောက်ပြပြီး “ဟိုရှေ.ဆူညံညံဘာသံ လဲမေး”ဟေးလားဝါးလား သင်္ကြန်ယိမ်းမျိုး ကနေကြတော့ မိမိဘာလုပ်ရမလဲ။
ဟိုတစ်ချိန်တုန်းက သင်္ကြန်သံချပ်တွေမှာ ကြားရလေ့ရှိတဲ့ ရိလုံး ကလိလုံး၊ ရွဲ့လုံးမျိုးနဲ့ မဂ္ဂဇင်းတချို.မှာ တွေ့ရလေ့ရှိ တဲ့ကော်လုံး၊ ခတ်လုံး၊ ကပ်လုံး၊ မျိုးဟာ ဘယ်အရာက ပိုပြီး တန်ဖိုးရှိပါသလဲ။
သို့ကလို လေသရမ်းတွေရဲ. လက်ချက်ကြောင့် ဖန်တီးမှု စာပေအနုပညာပွင့်ဟာ လွင့်ကြွေ မြေခရတော့မှာ လား။ သက္ကရာဇ် ၂၀၀၀ ဆိုတဲ့ ရာစုသစ်ကို ကြိုဆိုဂုဏ်ပြု နိုင်ပါ့လား။ ပန်းများပွင့်တဲ့နေ့ဟာ ရက်ချိန်းရွှေ့ပြီး ရွေ့သွား မလား။ နွေလွင်ပြင်မှာ ရသစာပေရဲ့ အနာဂတ်ဟာ အစာငတ်ရေငတ်နဲ့ ကြွေပြတ်ချုပ်ငြိမ်းသွားမလား။
ဧပြီနွေထဲက ကဗျာဧည့်ခန်းတွေကို မောပန်းတုန် ယင်စွာ ဖြတ်သန်းရင်း အနားစခန်းတစ်ခုကို စေ့စေ့ငုငုရှာ ညဖွေနေမိပါတယ်။မိမိရဲ့ စိုးရွံ့  လန့်ထိတ် သံသယစိတ်ကို ဆိတ်စာငယ်မျှ မကျန်အောင် ဆေးကြော သန့်စင်အားဖြည့်
ပေးလိုက်တဲ့ ကဗျာတစ်ပုဒ်ကိုစာပေဂျာနယ် ဧည့်ခန်းဆောင်မှာ ထိတွေ့ခဲ့ရပါတယ်။ ဆရာတင်မိုးဖွဲ့ဆိုပြတဲ့ ”ပန်းထာဝရ” ကဗျာဖြစ်တယ်။
နားဆင်ကြည့်ရအောင် ။
တစ်နှစ်တစ်နွေ၊ ရွက်နုဝေလျက်
ကြွေကျရာမှ၊ ဝေလာရလည်း
မကျမကြွေ၊ အမြဲဝေသည်
စာပေအနုပညာ ပန်းပွင့်တည်း ။
ရသ-ဒဿန ပျောက်နေတဲ့ မဂ္ဂဇင်းတချို့ထဲက ကော်လုံး ၊ ကပ်လုံး၊ ဆော်လုံး၊ ခတ်လုံးတွေ ကြောင့် စာပေအနုပညာရဲ.အနာဂတ်ကို ဘယာကပ်ပြီး ကြည့်မိတဲ့ မိမိဟာ”ပန်းထာဝရ” ရဲ့ အဘိဓမ္မာကြောင့် သိသာစွာအား တက်သွားပါတယ်။ ခပ်စောစောတုန်းက ခံတွင်းပျက်ခဲ့တဲ့ ကိစ္စတွေဟာလည်း “ပိန်းကြာရွက်တွင်၊ ရေမတင်”၊ “ပိန်းကြာရွက်ဖျား၊ ရေမနား”၊ ဆိုသလို၊ လျှောကျပြေပျောက် သွားပါတယ်။ပုဒ်မတစ်ခု၊ စကားတစ်ခွန်းမျှသာ ဖွဲ့ဆိုပြီး ပါဒအရေအတွက်(၇)ခု ရဲ့ ကိုယ်ထည်အတွင်းမှာလည်း အသံ(၂)သံ၊ကာရန် (၂) မျိုးတည်းနဲ့ ရိုးရိုး လေးတင်ပြပါတယ်။
တက်သံ……(အေ) ကာရန်…..နဲ့
ကျသံ……..(အ) ကာရန်စတဲ့ ထိုနှစ်မျိုးမှအပ ကဗျာမှာ ရှုပ်ရှုပ်ထွေးထွေး အလုပ်ပေးတဲ့ အခင်းအကျင်း မျိုး မတွေ့ခဲ့ရပါဘူး။ကဗျာရဲ့ ဝဏ္ဏများကို အနက်ထင်စေတဲ့ အသံ ကာရန်တွေဟာလည်း (နွေ-ဝေ-ကြွေ) နဲ့ (မှ-ရ-ကျ)ဆို တဲ့သံရှည်၊ သံပြတ်နှစ်မျိုးမှအပ အခြားကိစ္စမျိုးတွေမတွေ့ခဲ့ ရပါဘူး။
ဒါပေမယ့် အထက်ဖော်ပါ(နွေ-ဝေ-ကြွေ၊မှ-ရ-ကျ) စတဲ့ အက္ခရာဝဏ္ဏခြောက်လုံးဟာ (စာပေ အနုပညာ ပန်းပွင့်တည်း) ဆိုတဲ့ ကဗျာရဲ့ သမာဓိဂုဏ်ပုဒ်ကို ဆုပ်ဆုပ်ပိုင်ပိုင်ခိုင်ခိုင်မြဲမြဲ ကျားကန်ပေးနိုင်ခဲ့ပါတယ်။
ကောင်းပြီ။ စပ်အင်စပ်ထုံးရဲ့  အချိုးအစားပြေပြစ်မှု အသံရဲ့  အချိုးအစား လှပမှုစတဲ့ ကဗျုပဒေသဆိုင်ရာတွေ ကို ခဏဖယ်ထားပြီး ကဗျာရဲ့ အတွင်းသား ဒဿနကို တစ်ဆင့် တက်ကြည့်ပါ့မယ်။
တစ်နှစ် တစ်နွေ၊ ရွက်နုဝေလျက်
ကြွေကျရာမှ၊ ဝေလာရလည်း …….
ဆိုတာ နွေရဲ့ နိယာမနဲ့ ရုက္ခဗေဒရဲ့ ဖြစ်ရိုးဖြစ်စဉ် တစ်ရပ်ပဲ မဟုတ်လား။ တစ်နှစ်ကုန်ပြောင်း နွေသစ်ကိုရောက်တိုင်းကျောခိုင်း စွန့်ခွာသွားကြတဲ့ ရွက်ဟောင်းကြွေတွေ နေရာမှာ ရွက်သစ်တွေဝေလာကြတယ်။ပုရစ်နုတွေ ဖူးသစ်လာ ကြတယ်။ရိုးတံပြိုင်းပြိုင်း နွေသစ်ကိုင်းတွေပေါ်မှာအညွန့်အဖူးတွေ လွန့်လူးလာကြတယ်။”အဟောင်းပျက်မူ အသစ်ပြူလိမ့်” ဆိုတဲ့ နွေရဲ့ နိယာမကို ကဗျာဆရာအနေနဲ့ မျက်ခြည်မပြတ် အမှတ်ရနေပုံပါပဲ။ ဒါပေမယ့် ………….
မကျမကြွေ၊ အမြဲဝေသည်
စာပေအနုပညာ ပန်းပွင့်တည်း…………
ဆိုတဲ့ အမြင်မျိုးကတော့ သခါင်္ရတရားကို မျက်ကွယ် ပြုရဲတဲ့ ကဗျာဆရာရဲ့ စာပေအနုပညာပေါ်မှာ ယုံကြည်မှု၊ ပြ ဋ္ဌာန်းမှုဖြစ်တယ်။ စာပေအနုပညာရဲ့  အမတဓါတ်ကို ဦးညွတ် ဂုဏ်ပြုမှုတစ်ရပ် ဖြစ်တယ်။ သဘာဝတရား၊ နိယာမတရား တွေကို ဖောက်ထွင်းလွန်မြောက်သွားတဲ့ ဖန်တီးမှုကဗျာ၊စေ တနာနှိုး ကဗျာတစ်ပုဒ်ဖြစ်တယ်။
သည်လို အတွေးအမြင်ပါတဲ့စာမျိုးဟာ စိတ်ကောင်း မွေးသူရဲ့ ရင်ထဲမှာသာ ကိန်းဝပ်နိုင်မယ်။ကဗျာဆရာရဲ့ စေတ နာ အလျောက်စိတ်ကူးဥာဏ်စွမ်းရှိသလောက် ဖန်တီးဖွဲ့ဆိုနိုင် လိမ့်မယ်။
သည်မှမဟုတ်ဘဲ ဖန်တီးမှုသဘောကို သက်ဝင်ယုံ ကြည်တဲ့စာတွေ၊ ကဗျာတွေထဲက မဖြစ်စလောက် အကျအ ပေါက်လေးတွေ ရွေးကြည့်ပြီး ဆန်စဉ်ရာ ကျည်ပွေ့လိုက်နေ မယ်ဆိုရင်၊ မဂ္ဂဇင်းကို လက်ကမြင်းစရာသဘောထားနေမယ် ဆိုရင်“ဟိုရှေ့ က ဆူညံညံ ….ဘာသံလဲမေး” ဆိုတဲ့အဆင့်က တက်နိုင်ကြမှာ မဟုတ်တော့ပါဘူး။ သင်္ကြန်သံချပ်တွေ မှာ ကြားရလေ့ရှိတဲ့ ရိလုံးကလိလုံး၊ခနဲ့လုံး၊ရွဲ့ လုံးထက် ပိုပြီး တန်ဖိုးရှိလာမှာလည်း မဟုတ်တော့ပါဘူး။
ရွက်ကြွေတွေက မြေသြဇာဖြစ်လို့ ရွက်နုသစ်တွေက အပင်မှာဝေလို့ ၁၉၉၅ ခုနှစ်ရဲ့ နွေဘွဲ့တိပ်ခွေနားဆင်ရင်း ---
ဆရာ တင်မိုး ရဲ့  မကြွေတဲ့၊ မသေတဲ့“ပန်းထာဝရ” ကဗျာကို ချဉ်းကပ်ခံစားရင်း မဟေသီမဂ္ဂဇင်းရဲ့  ကဗျာဧည့် ခန်းကို ကူးလာလိုက်တော့ အောင်လွန်းမြိုင် ရဲ့  “နွေဦး ” ကို စူးစူးရှရှလေး ထိတွေ့လိုက်ရပါတယ်။ ဘာကြောင့် ဘယ်လို စူးစူးရှရှလဲ။ သူ့“နွေဦး”က ဘယ်လိုထူးခြားနေလို့လဲ။
ဘ၀က
ဥသြငှက်ကလေးရဲ့ 
အသံထွက်ပေါက်ကို တိတ်ဆိတ်စေတယ်
ပျော်ရွှင်ခြင်း
အလုံးစုံသောအရာများ
မှားယွင်းစွာ ကောက်မကိုင်မိ ………။
မြန်မာကဗျာရဲ့ အလင်္ကာဇာတ်ဆောင်တွေထဲမှာဥသြငှက် ဆိုတာ ကဗျာဆရာတိုင်းနှစ်သက်တဲ့ နွေမင်းသားလေးပေါ့။ ဥသြငှက်ကလေးရဲ့ အသံကလည်း အလွန်အင်မတန် ချိုမြပြီး သိင်္ဂါရ ရသနဲ့ သန္တရသ ကိုဖြစ်စေတယ်။ ဥသြ..ဥသြ.. ဆိုတဲ့ မြည်သံစွဲကာရန်ရဲ့ အနက်ဟာ နှစ်သက်ခြင်း၊ ငြိမ်းချမ်းခြင်း ၊ သက္ကရာဇ်အသစ်ကို ကြိုဆိုခြင်းရယ်လို့ သူ့အလိုလို အဓိပ္ပါယ် ဖေါ်ပြနေပါတယ်။
သို့ကလို ဥသြငှက်ကလေးရဲ့ အသံပေးရာလမ်းကြောင်းကို ဘယ်လိုဘ၀မျိုးက တိတ်ဆိတ်သွားအောင် ပြုလုပ်လိုက်တာပါ လိမ့်။
ကဗျာဆရာကတော့ နွေဦးဥသြသံကို ချစ်ခင်စုံမက် မှာပါပဲ။ ဒါဖြင့်ရင် ဥသြသံနွေဦးတိပ်ခွေကို ငြိမ်သက်တိတ် ဆိတ်စေတဲ့ ဘ၀ဟာ ဘယ်လိုဘ၀မျိုးလဲ။
ပျော်ရွှင်ခြင်းရယ်လို့ ခေါ်ဝေါ်သတ်မှတ်နေကြတဲ့ အရာတွေကို အမှားမှား အယွင်းယွင်းတောင်ကောက်မကိုင်မိ လောက်အောင် နာကျင်ကြေကွဲဖွယ်ဘ၀။ နာကြည်းစက်ဆုပ်ဖွယ်ဘ၀။အို…..ဘယ်သူ့ပြုလုပ်ချက်ကြောင့် သည်လောက် တောင် မှားယွင်းနေရတဲ့ ဘ၀ပါလိမ့်။
နောက်တစ်ပိုဒ်ကိုဆက်ဖတ်လိုက်တော့ …………..
တစ်ရာသီစာမျှ
လှပချင်ယောင်
ဆောင်ချင်တိုင်း ဆောင်နေတဲ့
နေ့လယ်ခင်းတွေကလည်း
ဖုန်အလိမ်းလိမ်း
သင်္ကြန်ရက်အတိုအစတွေနဲ့
ရောစပ်ထားလို့ ……
ဆိုတဲ့ ကဗျာဆရာရဲ့ မကျေနပ်သံကို ဖျတ်ခနဲကြားလိုက်ရတယ်။ ဟုတ်တာပေါ့။ဘယ်သူ ကျေနပ်နိုင်ပါ့မလဲ။ တစ်ရာသီ စာမျှ တောင့်ခံနိုင်ရည် မရှိတဲ့ အတုယောင်အလှအပ တွေဟာ ဖုန်အလိမ်းလိမ်းနဲ့ ပေကျံလို့ အန်ချင်စရာကောင်း လိုက်တာ။ သည်ထဲ မှာကြည့်မကောင်း၊ မြင်မကောင်းတဲ့ ဗြုတ်စဗျင်းတောင်း သင်္ကြန် နေ့တွေက ပါလိုက်သေးတယ်။
သည်နေရာမှာ ကြားဖြတ်ပြီး ပြောပြချင်တဲ့ အ ကြောင်း တစ်ခုကတော့ ”သင်္ကြန်ရက်” ဆိုတဲ့ ဒြပ်မဲ့နာမ် နဲ့ “အတိုအစဆိုတဲ့” ဒြပ်ရှိနာမ်ကို ပေါင်းစပ်ထားတဲ့ ကဗျာဝါကျ တစ်ပါဒဟာ ကဗျာဆရာရဲ. ဘာသာစကား ပါးနပ်ကျွမ်းကျင်မှု တစ်ရပ်ပါပဲ။ကဗျာဆရာရဲ.ကျွမ်းကျင်စွာစီစဉ်ဖန်တီးတဲ့ ကဗျာ ၀ါကျတစ်ကြောင်းကြောင့် ကဗျာထဲက အာရုံရုပ်တွေဟာ ခုန် လှုပ်သက်ဝင်လာပါတယ် ။
အခုလည်းကြည့်…………………။
တောစိမ်း တောင်စိမ်း
မြူခိုးစိမ်းတွေ မရှိတဲ့အရပ်မှာ
သစ်ရွက်ရယ်………………
သစ်ပင်အိုရယ်……………..
ဆွတ်ကျင်ဖွယ်
ဝေးကွာခြင်း ဂီတတေးကိုဆိုလို့ ……….။
ဖုန်အလိမ်းလိမ်း နေ့လယ်ခင်းတွေထဲမှာ အတိုအစ သင်္ကြန်ရက်တွေ ရောစပ်ထားလို့ ပဋိရူပ မဖြစ်တဲ့ အရပ်ဒေသ မှာ ကဗျာဆရာ နေရရှာတယ်။
သစ်ပင်အိုကြီးနဲ့အတူ ကြွေလုလုရွက်ဝါတွေကတော့ စိမ်းရောင်ငြိမ်းယောင် ခြယ်သထားတဲ့ တော၊ တောင်၊ မြူခိုး တွေ မရှိသောအရပ်မှာသဘာဝဂီတကို တီးခတ်လို့၊ “ဝေးကွာ ခြင်း”ဆိုတဲ့ ဆွတ်ကျင်ကြေကွဲဖွယ်ရာ သဘာဝတေးသံကို သီ ဆိုခဲ့ကြပြီ။ကဗျာဆရာ သူ့ခမျာမှာတော့………။
ထောင့်ချိုးကလေးရယ် ……
လမ်းကျဉ်းကလေးရယ် …...
မြင်ကွင်းတစ်ခုရယ် ……….
အုံ့ခနဲဆိုင်းလိုက်တဲ့ မိုးသားတိမ်ရယ် …..
ယောက်မမြင်းစီးထွက်သွားတဲ့
မြောက်ပြန်လေရယ် ……….
ဒါ ………..
ငါ ငြင်းမရတဲ့
အရူးသွပ်ဆုံး ရာသီပဲ ………..။
လို့ညည်းညူရင်း တောစိမ်း၊ တောင်စိမ်း၊ မြူစိမ်းတွေ ကြားမှာမွန်းကျပ်နေပြီပေါ့။သူစွန့်ခွာလို့မရတဲ့ သည်လို“နွေဦး” ကို အရူးသွပ်ဆုံးရာသီလို့ စွပ်စွဲလိုက်တာဟာ ကဗျာဆရာ ဘက်က လွန်ရာမကျပါဘူး။
ကဗျာဆိုတာ ကဗျာဆရာရဲ. အာရုံ သက်ရောက်ရာ အခြင်းအရာတွေကို စကားလုံးတွေနဲ့ ထုဆစ်ဖော်ပြထားတဲ့ ထူးခြားဆန်းသစ်တဲ့ ပုံသဏ္ဍာန်တစ်ခုဖြစ်တယ်။ စကားလုံးဆိုတာဟာလည်း ဖောဖောသီသီရနိုင်တဲ့ပစ္စည်းမို့ ပြီးစလွယ် ယူငင်အသုံးပြုမယ်ဆိုရင်တော့“ကဗျာ”ရယ်လို့ဖြစ် လာမှာမဟုတ်ပါဘူး။
ကဗျာမှာ စကားလုံးလို့ခေါ်တဲ့ ဘာသာစကားဟာ အလွန်အင်မတန်အရေးကြီးပါတယ်။ကဗျာမှာအသုံးပြုမယ့် ဘာ သာစကားကိုတော့ ကဗျာရဲ့ အထာနဲ့ ကဗျာရဲ့ ဓါတ်ကိုသိနား လည်တတ်ကျွမ်းတဲ့ ကဗျာဆရာမှတစ်ပါး သူလိုကိုယ်လိုသာ မန်အမြင်လောက်နဲ့ ဖန်တီးလို့ မဖြစ်နိုင်ပါဘူး။ ကဗျာကိုကိုင်တွယ်ထုဆစ်တဲ့လူဟာဘာသာစကားကို ပန်းလိုပျိုးပြီး ပိုးလို မွေးတာမျိုး၊ ရွှေပြားကိုနန်းကြိုးမျှင်မျှင်လေးတွေ ဖြစ်အောင်ပြု လုပ်ရတာမျိုးထက် ပိုပြီး နက်နဲသိမ်မွေ့ပါတယ်။ပိုပြီး လက်ဝင် စေပါတယ်။
အခုတင်ပြနေတဲ့“နွေဦး”ကဗျာမှာတော့ ကဗျာဆရာ အောင်လွန်းမြိုင် ဟာ ကဗျာဘာသာစကားကို ထူးထူးခြားခြား ကျစ်ကျစ်လျစ်လျစ် ထုဆစ်ဖန်တီးနိုင်သူဖြစ်တယ်။
ဘယ်နေရာရယ်လို့ ပြောပြမထားတဲ့ “ထောင့်ချိုး က
လေးရယ်”……….။
ဘယ်အရပ်မှာ ရှိမှန်းမသိရတဲ့ “လမ်းကျဉ်းကလေး
ရယ်”…….။
ဘာတွေမြင်ရတယ်လို့ မတင်ပြခဲ့တဲ့ “မြင်ကွင်းတစ်
ခုရယ်” ……..။
ရွာမယောင်ဟန်ရေးပြပြီးကာမှ “အုံ့ခနဲ ဆိုင်း လိုက်
တဲ့မိုးသားတိမ်ရယ် ”……..။
တော်ပါပေတယ်လို့ ချီးမွမ်းကာမျှ ရှိသေး“ယောက်မ
မြင်းစီးထွက်သွားတဲ့ မြောက်ပြန်လေရယ်”………။
ဖေါ်ပြပါ ကဗျာဝါကျတွေမှာ ဘာသာစကားကိုစနစ်တကျ အသုံးချတတ်မှု၊ စကားလုံးတွေ ဖောဖောသီသီ မသုံးဘဲထူးခြား ကောင်း မွန်အောင်ပြောပြတတ်မှု၊ အကြောင်းအရာနဲ့ပုံ သဏ္ဍာန်ကို ခွဲထုတ်လို့မရအောင် စီစဉ်တတ်မှု စတဲ့အတတ်ပညာ(၃)ရပ်ကို ဖျတ်ခနဲ တွေ့လိုက်ရပါတယ်။
သို့ကလို အတတ်ပညာ (၃) ရပ်ကို လိမ္မာပါးနပ်စွာ စီ စဉ်ပြုလုပ်နိုင်တဲ့ အတွက် “ထောင့်ချိုးကလေး……”ရဲ့ နေရာ ကို မိမိမသိနိုင်တာကိစ္စမရှိ။
“လမ်းကျဉ်းကလေး”…...ရဲ့ အရပ်ကို မိမိမခန့်မှန်းနိုင် တာလည်းအကြောင်းမဟုတ်။
“မြင်ကွင်းတစ်ခု”…..ရဲ့ အခြင်းအရာတွေကို မိမိမ မြင်နိုင်တာလည်းအရေးမကြီး ။
“အုံ့ဆိုင်းမိုးသားတိမ်”…...တွေရဲ.မာယာကို မိမိဘာ သာ မပြန်နိုင်တာလည်း အပြစ်မမြောက် ။
“မြောက်ပြန်လေ”…...ရဲ့ အထာကို မိမိကြိုတင်မ တွက်ဆမိတာလည်း အဓိကမကျ။
ဘာ့ကြောင့်လည်းဆိုတော့ကာ မိမိရဲ့ သိစိတ်နဲ့ အ မှတ်သညာတရားထဲမှာ ကဗျာဆရာ အောင်လွန်းမြိုင်ရဲ့ စွဲချက်ဟာ ဘယ်ခဲဖျက်နဲ့မှ ဖျက်မရအောင်စွဲထင်နေရစ်ပြီလေ။
အဲဒီ စွဲချက်ကတော့ - -
ဒါ … ငါငြင်းမရတဲ့
အရူးသွပ်ဆုံး ရာသီပဲ ………..
လို့ဆိုတဲ့ ပွန်းရှနာကျင်သံတစ်ခုပါပဲ။ မိမိကိုယ်တိုင် အမှုမဲ့ အမှတ်မဲ့ကြည့်နေခဲ့တဲ့ အဲလို နွေဦး….ကို ထူးခြားတဲ့ ဘာသာစကားနဲ့ ကဗျာဆရာက တူးဖေါ်ပြလိုက်တဲ့အခါ မိမိ ကိုယ်မိမိအနေနဲ့လည်း . . . . . . .. .
ဒါ … ငါငြင်းမရတဲ့
အရူးသွပ်ဆုံး ရာသီပဲ ………..
လို့ ပြောရုံမှတစ်ပါး အခြားစကားလုံး ရှာမရတော့ပါ မိတ်ဆွေ ။
မောင်ခိုင်မာ
No comments:
Post a Comment