Friday, August 29, 2014

၂၀၁၅ ချန်ပီယံဒါဘီ ၊ သန်းဆွေမိုး (ကလော)



 

 

       
     ၂၀၁၅  ချန်ပီယံဒါဘီ



လာပါပြီ  
ဒါလည်း ….. ဒါဘီပွဲပါပဲ ။
ငါတို့ ….
နှစ်ငါးဆယ်ကျော်သာကြာခဲ့
အနာတွေသာရခဲ့
ဒဏ်ရာတွေသာကျန်ခဲ့
အပြုံးတွေဝေးခဲ့
အပျော်တွေပျောက်ခဲ့
ခုချိန်ထိ …. ဖလားလက်မဲ့ ။

ငါတို့ ….
ပြိုင်ရမယ့်အသင်းက
လက်ရှိချန်ပီယံ
ဓနအင်အားတောင့်တယ်
မိုက်ဂုဏ်ရှိတယ်
သာဒင်ကြီးရဲ့အသင်း
ငါတို့ ….
ပြိုင်ကြမယ့်အသင်းက
ခေါင်းသာမကောင်းတာ
ဘောလုံးပေါက်တာမလိုချင်ဘူး
လေပါတာပဲ လိုချင်တယ်ဆိုတဲ့
သာဒင်ကြီးရဲ့အသင်း

ငါတို့ ….
ပြိုင်ကြရမယ့်အသင်းက
ဘောလုံးကို မိုးပေါ်ထောင်မကန်ဘူး
ကန်ရင် မျက်နှာတည့်တည့်
ရင်ဘတ်တည့်တည့်
ထိအောင် မှန်အောင်ကန်တယ်ဆိုတဲ့
သာဒင်ကြီး ရဲ့ အသင်း

ငါတို့ ….
ပြိုင်ကြရမယ့်အသင်းက
အသင်းမရွေး ကွင်းမရွေး
ခြေကိုခြေချင်း လက်ကိုလက်ချင်း
လှံကိုလှံချင်း ဓါးကိုဓါးချင်း
သာဒင်ကို ဘာထင်သလဲဆိုတဲ့
သာဒင်ကြီး ရဲ့ အသင်း

ငါတို့ ….
ပြိုင်ကြရမယ့်အသင်းက
ခြေခြေမြစ်မြစ်သာ ဘယ်နေရာမှမရှိတာ
နေရာတကာ ခြေဆော့လက်ဆော့
ခြေစလက်စရှိတဲ့
သာဒင်ကြီး ရဲ့ အသင်း

ငါတို့ ….
ပြိုင်ကြရမယ့်အသင်းက
ထစ်ကနဲဆို
ခြေတွေလက်တွေပါတတ်တဲ့
ခြေလွန်လက်လွန်လုပ်တတ်တဲ့
သာဒင်ကြီး ရဲ့ အသင်း

ငါတို့ ….
ပြိုင်ကြရမယ့်အသင်းက
ဂိုးမသွင်းနိုင်ရင်နေ
ဂိုးမ၀င်ချင်နေ
ပွဲပြီးရင်တော့ နိုင်ကိုနိုင်ရမယ်ဆိုတဲ့
သာဒင်ကြီး ရဲ့ အသင်း
ငါတို့ ….
ပြိုင်ကြရမယ့်အသင်းက
နှစ်တွေကြာပြီ …
အကြိမ်ကြိမ် အခါခါ
ကိုယ့်ဂိုးကို ကိုယ်ပြန်သွင်းမိနေတာတောင်
ဖလားကြီးကိုလက်မလွှတ်ချင်တဲ့
သာဒင်ကြီး ရဲ့ အသင်း

ငါတို့ ….
ပြိုင်ကြရမယ့်အသင်းက
တမြို့ထဲဆိုပေမယ့်
သူ့အိမ် သူ့ကွင်း သူ့ဒိုင်
မနိုင်နိုင်အောင် သူ့ဒိုင်တွေက
အ၀ါကဒ်
အနီကဒ်
PR ကဒ်တွေပါကိုင်ထားတဲ့
သာဒင်ကြီး ရဲ့ အသင်း

ငါတို့ ….
ဘာပဲဖြစ်နေဖြစ်နေ
ခြေချော်လက်ချော်ဖြစ်လို့ မရဘူး
ခြေကုန်လက်ပမ်းကျလို့ မရဘူး
ငါတို့ ….
ဒီပွဲကိုနွှဲဖို့
ဒီပွဲကိုပြိုင်ဖို့
မြစ်တွေလည်းဖြတ်ခဲ့ပြီပြီ
မုန်တိုင်းတွေလှိုင်းတွေလည်းကျော်ခဲ့ပြီးပြီ
ဒီဘက်ကမ်းလည်းရောက်ပြီ
ကဲ ….
လာ ဒို့စီးလာခဲ့ ဖောင်တွေအကုန်ဖျက် ။              

                                                   သန်းဆွေမိုး (ကလော)

No comments:

Post a Comment