Thursday, August 7, 2014

“မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာတရား နာ ၊ ပွါးများ တရားတော်”

 

 

 

 

 

 

 

 

 “မိုးကုတ်ဆရာတော်ဘုရားကြီး၏

သစ္စာတရား နာ ၊ ပွါးများ တရားတော်”

မဂ္ဂသစ္စာမှာ ဘာဝေတဗ္ဗကိစ္စ= “ပွါးများရတဲ့ကိစ္စ”ရှိတယ်။
သစ္စာတရား နာရုံနဲ့မရဘူး။ ပွါးမှရမယ်။
“စကားပြောနေတာ၊ စာကျက်နေတာ”ဟာ ပွါးတာမဟုတ်ဘူး။
သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးပါးကို၊ ဥပမာ- ရုပ်ကိုရှုတဲ့ပုဂ္ဂိုလ်သည်
ရုပ်တွေ့ရုံနဲ့ ပွားတာမဟုတ်ဘူး။ ရုပ်၏သဘာဝဖြစ်ပျက်တွေ့မှ
ပွားတယ်လို့မှတ်။ ဝေဒနာရှုတဲ့ပုဂ္ဂိုလ်က ဝေဒနာတွေ့ရုံနဲ့
ပွားတာမဟုတ်ဘူး။ ဝေဒနာကို ကျော်လွန်ပြီး၊
“ဝေဒနာ၏ အဖြစ်အပျက်” ကိုသိမှ ၊ ဒါကို အဖန်တလဲလဲကြည့်နေမှ
ပွါးတယ်လို့မှတ်။

ဒီတော့ နိဗ္ဗာန်ရောက်တဲ့အလုပ်ဟာ ပွါးများမှုအလုပ်ပါပဲ။
ပွားများမှရမယ်။ ပွားများမှုအလုပ်လုပ်မှ ကိလေသာသေမှု
(သတ်မှု) ကိစ္စပြီးတယ်။ ပွားများရာမှာ ဝေဒနာရှုတော့
ဝေဒနာတွင် တွေ့နေသေးတယ်ဆိုရင် လိုသေးတယ်။
ဝေဒနာ၏ ပင်ကိုယ်သဘာဝကဖြင့် ဖြစ်ပြီးပျက်တဲ့
သဘောပါလားလို့ ရှုနေရာမှာ၊ ဖြစ်ပြီးပျက်တဲ့
သဘောကိုရှုတော့ ဝေဒနာမဟုတ်တော့ဘူး။

သြော် အနိစ္စပါလား၊ ဖြစ်ပြီးပျက်တာလေးပါလားလို့
သိလာတယ်။ဒီ ဖြစ်ပျက်ကို အဖန်ဖန်ကြည့်=
ရှုနေရင် ဘာဝေတဗ္ဗ= ပွားများမှုဖြစ်ပြီ။

ဘုန်းကြီးကဟောတဲ့ တရားကို နားထောင်တဲ့အခါမှာ ၊
ဒီက ဟောလိုက်တဲ့တရားကို နားထဲကကြားပြီး၊
ဟောတဲ့ ဒေသနာဉာဏ်ကို အစဉ်လျှောက်ပြီး
(ဒေသနာဉာဏာနုသာရေန) ဉာဏ်က ခန္ဓာထဲလှည့်လိုက်ပါ။
စိုက်ကြည့်ပါ။ ဉာဏ်ကို ခန္ဓာကိုယ်ပေါ်မှာ စေလွှတ်ပါ
(ဉာဏံပေသေန္တဿ)သည် ခန္ဓာငါးပါးထဲက တစ်ပါးပါးကို
ဉာဏ်က စိုက်ကြည့်ပေးပါ။
(ဉာဏုတ္တရဿဟောတိ)တဲ့၊ ဟောရင်း
မတ္တနဲ့ ဉာဏ်တက်လာပြီး၊ သြော် တစ်ကိုယ်လုံးဟာ
အဖြစ်အပျက်မှတစ်ပါး ဘာမှ မရှိပါလားလို့ အဖြစ်အပျက်မြင်တဲ့ဉာဏ်
တက်လာလိမ့်မယ်။ အဲဒါ (ယထာဘူတဉာဏ်)ပဲ။

နောက် ဖြစ်ပျက်မုန်းတဲ့ဉာဏ် တက်လာလိမ့်မယ်။
အဲဒါ (နိဗ္ဗိန္ဒဉာဏ်)ခေါ်တယ်။ နောက် အဖြစ်အပျက်ကိုပင်
ဖြစ်ဒုက္ခ ပျက်ဒုက္ခ ပါလားလို့ ပိုင်းခြားတဲ့ဉာဏ်
အလိုလိုတက်လာပြီး ဒေသနာအဆုံးမှာ သောသာပန်တည်နိုင်တယ်။
ဒေသနာဉာဏ် အစဉ်လျှောက်ပြီး ခန္ဓာထဲ ဉာဏ်ရောက်ပြီး
(ဉာဏ်က ပွားများပြီး) ဉာဏ် ၃-ဆင့်နဲ့
တက်သွားလို့ သောတာပန်ဖြစ်လာတာ။
နားက ကြားတာကို ခန္ဓာကိုယ်ပေါ်မှာ ဉာဏ်ကို
လှည့်ခိုင်းလို့ရှိရင် ဉာဏ်တက်လာပါလိမ့်မယ်။
ဒီဉာဏ်ဟာ သစ္စာသိတဲ့ဉာဏ်ဖြစ်ပြီး ၊
သစ္စာကျအောင်တက်လို့ရှိရင် တရားပွဲအတွင်းမှာ
ကိစ္စပြီးတယ်လို့မှတ်။

“တရားနာနည်း”
•••••••••••••••••••••••
ဒီတော့ တရားနာနည်း မှန်ဖို့ အရေးကြီးတယ်။ ဘယ်လို မှန်ရမတုံး။
ဒေသနာဉာဏ် ၀မ်းထဲရောက်အောင်လုပ်၊ ဒေသနာတွေကို
ဝမ်းထဲကဉာဏ်က ဖမ်းထား၊ ဖမ်းထားတဲ့ဉာဏ်နဲ့ ခန္ဓာကိုယ်ပေါ်မှာ
လိုက်လိုက်၊ ခန္ဓာကိုယ်ပေါ်မှာ ဉာဏ်က ဖြစ်ပျက်ရှုပေး။
ဒီလိုဆိုရင် တရားနာတဲ့အဆုံးမှာ ကိစ္စပြီးတယ်။

ဒီ သဘောဟာ ဘုရားလက်ထက်ကတည်းကပဲ။
ဒီက ဟောလိုက်တဲ့တရားကို ဉာဏ်နဲ့လိုက်ပြီး ၊
ခန္ဓာထဲဉာဏ်လှည့်ပြီး ဖြစ်ပျက်လိုက်ဉာဏ်ဆိုတက
ပြောတော့သာ ၁၆-ဉာဏ်၊ ၁၀-ဉာဏ် အစရှိသည်ဖြင့်
ပြောနေရတာ။ စင်စစ်တော့ တစက္ကန့်ဆိုအကုန်ပြီးတာပဲ။
နားကနာပြီး၊ ဉာဏ်ကခန္ဓာထဲ စိုက်လိုက်။
ဘယ်ဝတ္ထု၊ ဘယ်တရားနာလိုက်တာနဲ့
ကျွတ်တမ်းဝင်သွားတယ်ဆိုတော့၊
ဘာဝေတဗ္ဗ= ပွားများတဲ့ ကိစ္စတွေမပါသလိုဖြစ်နေတယ်။
အမှန် ဒီဝတ္ထုတွေဟာ သုတ္တန်တရားဖြစ်လေတော့
သုတ်တွေမပျောက်အောင် စီရေးရတယ်ဆိုတော့
အဘိဓမ္မာမထည့်နိုင်ဘူး။ သုတ္တန်ဆိုတာ ကျင့်စဉ်ပါတာက
နည်းတယ်။ အဲဒီ တရားနာလို့ ကိစ္စပြီးသွားတယ်
ဆိုငြားသော်လည်း သုတ္တန်နောက်ကနေပြီး
“အဘိဓမ္မာ”မလိုက်ရင် ဖြစ်ကို မဖြစ်ဘူး။



“ဘုရားတရားဟောစဉ် (ကိလေသာဖြူစင်နေပါမှ)”
•••••••••••••••••••••••••••••••••••••••••••••••••
ဘုရားက လူတစ်ယောက်ချွတ်တော့မယ်ဆိုရင်
တရားဟောစဉ်ရှိတယ်။
(၁)။ရှေးဦးစွာ ဒါနပြုကွ၊ ကြပ်ကြပ်ပြုကွလို့ ဟောချလိုက်တယ်။
ဒါနဆိုတာ လူချမ်းသာ၊နတ်ချမ်းသာဆိုတဲ့ ချမ်းသာတွေကို
သူကပေးနိုင်တယ်ဆိုပြီး သူ့အကျိုးတွေ
တခါလောက်ဟောလိုက်တယ်။
ပန်းလှူလို့လှပပုံ၊ ကျောင်းဆောက်လို့ နတ်ပြည်မှာ
ဘုံပေါက်ပုံစသည့် အကျိုးပေးပုံတွေ ဟောလိုက်တယ်။
(၂)။နောက် ဒါနလှူပြီးတော့ ဒီလို အကျိုးပေးပြီးသော်လဲ
အသက်မရှည်ရင် အလကားကွ။ လက်ထဲငွေရှိပေမယ့် ၊
မစားရခင် သေသွားရင်မကောင်းဘူး။
ဒီတော့ သီလလေးလုပ်ကွ ၊
သီလလုပ်မှ အသက်ရှည်မယ်လို့ တဆင့်တက်ဟောတယ်။
(၃) ဒါန ၊သီလဟောပြီးတော့မှ ဒါနကြောင့် ဘုံဗိမာန်တွေ၊
ပဒေသာပင်တွေပေါက်၊ သီလကြောင့် အသက်ရှည်တဲ့
နတ်မင်းကြီးဖြစ်လာပြီး စည်းစိမ်ဥစ္စာရတနာနဲ့ အပြည့်အစုံကွ။
ဘယ်လောက်ကောင်းသတုံးကွလို့ သဂ္ဂကထာခေါ်
နတ်ပြည်အကြောင်း ဆက်ဟောပြန်တယ်။
(၄)။ဒါတွေပြီးတော့မှ ကာမာနံအာဒီန၀ကထာ=
ဟောဒီအကျိုးတွေဟာ ငါးပါးအာရုံကာမဂုဏ်တွေကွ။
ဘာမှအသုံးမကျဘူး၊ မျောက် မီးရှုးပန်းကိုင်ထားသလို
ကိုယ့်ချည်းလောင်တာပဲကွ။ အမဲသားရတဲ့ကျီးလိုပဲ၊
တခြားကျီးတွေက လိုက်လုတာနဲ့ ချမ်းသာခွင့်မရဘူးကွ။
ဒါတွေလဲအကုန်ဟောချလိုက်တယ်။
အပြစ်တွေပြဟောလိုက်တယ်။
ရသရွေ့ဟာ တစ်ခုမှ မကောင်းဘူးကွ။
ဒီရောက်အောင် တဖြည်းဖြည်းဆွဲခေါ်လာပြီးတော့မှ ၊
ပင်ကိုယ်အပြစ်တွေ ဟောချလိုက်တယ်။
(ဒီလိုဟောပြနေတာဟာ ဘာဝနာမပါပဲနဲ့ ကိစ္စပြီးတယ်လို့
ခင်ဗျားတို့ ထင်နေမှာစိုးလို့ ပြောပြရတာ)။
(၅)။ ပြီးတော့မှ နေက္ခမ္မကထာ ကာမမှထွက်ကွ။
ကာမဂုဏ်အာရုံတွေက ထွက်ဆိုတော့၊
ဒါ အလုပ်လုပ်ရတော့မယ်လို့ပြောတာ။
ကာမအာရုံတွေကို အနိစ္စ၊ဒုက္ခ၊ အနတ္တ မရှုရင်၊
ကာမမှ မထွက်နိုင်။ ဒီတော့ “၀ိပဿနာ” စ လုပ်တော့လို့ ပါလာတယ်။
(၆)။မဂ္ဂကထာ ဟောချလိုက်တယ်။ သစ္စာဟောချလိုက်တယ်။
အဲဒီတော့ မဂ္ဂကထာမဟောခင် “ကာမာနံအာဒီန၀ကထာ” ဟောတယ်။
ကာမဂုဏ်၏ အပြစ်တွေ၊ လူဖြစ်ရတာလည်း ဒုက္ခသစ္စာကွ။
ငါးပါးအာရုံကာမဂုဏ် တစ်ထောင့်ငါးရာကိလေသာမီးတွေ
အကုန်လောင်နေတာ တဟုန်းဟုန်းပဲကွ- လို့ ဟောလိုက်တယ်။

ဟောတော့ ကာမဂုဏ်အာရုံတွေ၏ အပြစ်တွေကိုမြင်ပြီး၊
ဒါတွေဟာ သက်သက်အသုံးမကျတဲ့တရားတွေပဲလို့ သူ့ကို
ဝိပဿနာလိုက် လိုက်တယ်။ လိုက်တဲ့အခါကျတော့မှ ၊
သူ့စိတ်ထဲမှာ လောဘ၊ ဒေါသ၊ မောဟတွေ၊ တဏှာ၊
မာန၊ဒိဋ္ဌိတွေ ကင်းသွားတာ။
ကင်းသွားတော့ “စိတ်ကဖြူစင်”သွားတယ်။
ဖြူနေတဲ့အ၀တ်ဟာ ဆိုးချင်တာနဲ့ဆိုး စွဲတယ်။
ဂျီးအပေတွေနဲ့ဆိုရင် မစွဲဘူး။
ဒီလိုပဲ ဒီမှာလဲ ကာမာနံအာဒီန၀ကထာဟောတော့
စိတ်ဖြူစင်သွားပြီ။ ငါးပါးအာရုံ ကာမဂုဏ်တွေဟာ
စိန်တွေ၊ရွှေတွေ၊ ငွေတွေဟာ အလကားဟာတွေ၊
ဘာမှ လိုချင်စရာမရှိဘူး။

ဒီလိုဖြစ်လာတော့ စိတ်ထဲမှာဖြူစင်လာတယ်။
ဖြူစင်လာတဲ့အခါကျတော့မှ မင်းတို့ ခန္ဓာကြီးဟာ
ဒုက္ခသစ္စာကွ။
ဒီဒုက္ခဖြစ်စေတာဟာ သမုဒယသစ္စာကွ၊
ဒီ သမုဒယသစ္စာ မသေသရွေ့ ဒုက္ခမငြိမ်းဘူးဆိုပြီး၊
မဂ္ဂသစ္စာကို ဆက်ဟောလိုက်တယ်။
ဒီတော့ “အလုပ်တရား” တွေရောက်လာတယ်။
ရောက်လာတော့ သစ္စာဟောလိုက်သည်နှင့်တပြိုင်နက် ၊
ဒီပုဂ္ဂိုလ်တွေဟာ ဒီကျမှ မဂ်ဖိုလ်ဆိုက် လာရတယ်။
သစ္စာကျမှဆိုက်တယ်။ ဒါ တရားဟောစဉ်ပဲ။
ဘယ်သူ့ကိုမဆို ဒီလိုပဲ ဟောတယ်။

“သစ္စာ အဓိက”
•••••••••••••••••••
ဘုရားဟောစဉ် ရှေ့ပိုင်းမှာ ဒုဂ္ဂတိက သုဂတိရောက်အောင်
ဟောလိုက်သေးတယ်။ နောက်တော့မှ သုဂတိရောက်လည်း
ခန္ဓာငါးပါးဖြစ်တာပဲဆိုတော့ ဒုက္ခသစ္စာဖြစ်တာပဲ။
ခန္ဓာငါးပါးက မထွက်လို့ရှိရင်၊ ဒုက္ခသစ္စာထဲက မထွက်ပဲ
နေဦးမှာပဲ၊ နောက်ဆုံးပိတ် ဖြူစင်တဲ့အခါကျမှ သစ္စာသွင်းတယ်။

ဒီ ဘုရားဟောစဉ်ကိုမှတ်၊ ဘုန်းကြီးတို့ကတော့
ဒီလိုမဟောတော့ဘူး။ ဟိုဟာတွေ တခြားဆရာတွေဆီက
နာခဲ့ကြပြီ။ ဒါနကထာ၊သီလကထာ၊ သဂ္ဂကထာတွေမလိုတော့ဘူး။
ဘုန်းကြီးတာဝန်က သစ္စကထာ(မဂ္ဂကထာ)ဟောဖို့ပဲ။
ဒီပြင်ဟာတွေက ခင်ဗျားတို့ ကြားဖူးလှပြီ။
သစ္စာကထာတော့ မကြားဘူးသေးပါဆိုတော့၊
ဒါဖြင့် ဖြူစင်နေတဲ့စိတ်ကို ဆိုးပေးရတော့မှာပဲ။
“သစ္စကထာ”က စိတ်ဖြူစင်နေတဲ့အချိန်မှာ ဟောရတာ။
ရှုပ်ပွေနေတဲ့အချိန်မှာ ဟောကို မဟောနိုင်ဘူး။ မဟောနဲ့။
စောင့်ပေးပါ။ ဘုရားကလည်းစောင့်တာပဲ။
ဒီတော့ “သစ္စာတရား”ဟာ ကျွတ်တမ်းဝင်တဲ့ တရားလို့မှတ်။
သစ္စာနားမလည်သေးရင် ခင်ဗျားတို့ ဒုက္ခ
ဘယ်တော့မှ မကုန်နိုင်ဘူး။ သစ္စာမနာရပဲနဲ့
သစ္စာအားထုတ်မယ်ဆိုရင် ဒုက္ခ ဘယ်တော့မှ
မကုန်ဘူးလို့ “သစ္စသံယုတ်”မှာ ဟောထားတယ်။
ဒီတော့ သစ္စာတရားနာမှုသည် အရေးကြီးဆုံးအလုပ်ပဲ။
သစ္စာနာပြီးရင် သစ္စာပွားပေတော့။

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm   မှကူးသည် ။
 

No comments:

Post a Comment