Monday, March 21, 2016

ဘုရားကုန်းတော် - စိုးခိုင်ညိန်း

design ; yla  thefourisland

ဘုရားကုန်းတော်

__________________________

လေဟာ တဖြူးဖြူးနဲ့
ဆည်းလည်းလေးတွေရဲ့အသံကို
တစ်ပွင့်ချင်း ခြွေချနေတယ်
ရင်ပြင်တော်ပေါ်
ရင်မပြင်နိုင်သေးသူတစ်ယောက်
တစ်ပတ်ပြီးတစ်ပတ်လျှောက်
တစ်ပတ်ပြီးတစ်ပတ်စိပ်
တစ်ပတ်ပြီး တစ်ပတ်နဲ့
သံသရာကို ဘာနဲ့ရပ်ရမလဲ
ရေချမ်းသက်စေ့ ပန်းသက်စေ့ကို
ကိုယ့်အသက်ထဲ ပေါင်းထည့်လို့
ထိုးစိုက်လိုက်တဲ့ ကြာပန်းဟာ
ဘယ်လောက်ကြာကြာခံမလဲ
သစ္စာပန်းတွေဟာ ဘယ်လောက်သစ္စာရှိနိုင်မလဲ
ထွန်းညှိလိုက်တဲ့ ဖယောင်းတိုင်မီးဟာ
တငွေ့ငွေ့ကျွမ်းလောင်
အပူသည်တစ်ယောက်လို
ထိုးခတ်လိုက်တဲ့ခေါင်းလောင်းသံထဲ
သူ့အမျှဝေသံကို လိုက်ရှာမိဆဲ ။      ။

စိုးခိုင်ညိန်း



No comments:

Post a Comment