" ငြိမ်းချမ်းရေးကြယ်ပွင့် "
သေနတ်မောင်းဖြုတ်တဲ့
ခလုတ်တွေပေါ်က
လက်ချောင်းတွေထက်စာရင်
စန္ဒရားခလုတ် ဖြူဖြူဖွေးဖွေးလေးတွေပေါ်မှာ
ပြေးလွှားဆော့ကစားရင်း
ဂီတသံစဉ်လေးတွေ ဖိတ်စဉ်ကျလာစေတဲ့
လက်ချောင်းလေးတွေကို ချစ်တတ်သူပါ ။
တုတ်တွေ ဒိုင်းတွေ လွှားတွေ ကိုင်ထားတဲ့
လက်တွေထက်စာရင်
စုတ်တံနဲ့ ဖြူနီဝါဆေးတွေပေကျံနေတဲ့
ပန်းချီဆွဲတဲ့လက်တွေကို ချစ်တတ်သူပါ ။
အခိုးအငွေ့ပေါင်းစုံနဲ့ မှိုင်းညို့မည်းမှောင်နေတဲ့
ရှမ်းတောင်ကုန်းတွေပေါ်မှာ
စိန်ပန်းပြာလှိုင်လှိုင်ပွင့်လို့
မိုးကောင်းကင်ကြီးကိုလည်း သူ့ရဲ့ "ဝေါ့ဒစ္စနေအပြာ"လို
ကြည့်ချင်နေသူပါ ။
ဒီမှာ•• "လှည်းရိုး "
ဟိုး•••မှာ" သာမိုင်းခမ်း "
ခပ်လှမ်းလှမ်းမှာတော့ " မြင်မထိ "
ဘယ်ကိုပဲကြည့်လိုက်ကြည့်လိုက်
မြင်မြင်သမျှ အစိမ်းတွေ ထူပိန်းပိန်း
တောတွေစိမ်းစိမ်း တောင်တွေစိမ်းစိမ်း
အစိမ်းတွေကြားမှာ
ဒေလီယာပန်း
နေကြာပန်း
သစ္စာပန်းတွေပွင့်တဲ့
ဟော ဒါ•••" အောင်ပန်း " ။
" အောင်ပန်း" မှာ
ငြိမ်းချမ်းရေးကိုချစ်တဲ့ ကဗျာဆရာ
ငါတို့ချစ်တဲ့ ကဗျာဆရာ
ငြိမ်းချမ်းရေး မရသေးတဲ့ ကမ္ဘာကြီးမှာ
ငြိမ်းချမ်းမှု မရနိုင်သေးတဲ့ ငါတို့ကို ထားခဲ့ပြီးတော့
ငြိမ်းချမ်းစွာ အိပ်စက်အနားယူသွားပြီကို•••။
" အောင်ပန်း "မှာတော့
မိုးစက်ကလေးတွေ သယ်ဆောင်လာတဲ့
လေနုအေးကလေးကတော့ နော့ဆဲကို••• ။ ။
သန်းဆွေမိုး(ကလော)
ဆရာဒဂုန်တာရာသို့
No comments:
Post a Comment