အငွေ့ပျံသွားတဲ့ ကောက်ကြောင်း
ပျော်ရွှင်မှုနဲ့ မထိုက်တန်ခဲ့သူပါ
လောကဓံရဲ့ရိုက်ချက်မှာ
ဒုက္ခ ကို ဈေးမဆစ်ခဲ့ဘူး
ကိုယ်တိုင်ရေးပုံတူမှာ
ရုပ်ထွက်ညံ့ခဲ့တာလည်း
ကိုယ့် အကုသိုလ်
ဘုရားကုန်းတော်ပေါ်က စာကလေးတွေကိုလည်း
နင့်အသက်တစ်ခါ လွှတ်ပြီး
ငါ့အတွက် ဆယ်ခါ ဆုမတောင်းခဲ့ပါ
တကယ်ဆို...
ဆည်းလည်းသံ တွေလို ချိုလွင်ချင်ခဲ့တာ
ရေချမ်းစင် လေးလို အေးမြချင်ခဲ့တာ
မဆီမဆိုင် တိမ်တွေထွက်သွားတာကြည့်ရင်း ......ဝမ်းနည်းသလိုခံစားရ...
ပုပ်သိုးနေမယ့် မနက်ဖြန် မှာ
အိပ်မက်တွေ သင်းသတ်ခံထားရတာ
လမ်းတစ်ဝက်မှာ...စက်ချို့ယွင်းပြီး
ပျက်ကျခဲ့ရတာ...
အမှားတွေနဲ့ အသားကျခဲ့တာ
ဒါတွေဟာ....ဘဝ သင်ရိုးထဲက
ကိုယ်မရင်းနှီးခဲ့တဲ့ မာတိကာတစ်ချို့
နားနဲ့မဆံ့တဲ့ အသံတွေ
နားမထောင်ချင်ဘူး....
ကြေကွဲရမှာတွေဆို
မကြားချင်ဘူး....ရှေ့လျှောက်
စိတ်ထဲကမပါလည်း အတက်နိုင်ဆုံး
ပြုံးပြမယ်
အခု....ဘာဖြစ်ချင်ခဲ့လဲလို့ မေးရင်
ချောင်တစ်ချောင်က ပင့်ကူမျှင်တွေနဲ့
ရှုပ်ထွေးနေတဲ့ ကျောင်းလွယ်အိတ်လေးလို...ဖြူစင်ချင်ခဲ့တာ...ပါ
ဒါပါပဲ...
ရှေ့တစ်လှမ်းတိုးဖို့လွယ်ပြီး
နောက်တစ်လှမ်းဆုတ်ဖို့ အတွက်မှာ
ကျွန်တော်လည်း
တံလျှပ်ကို ရေထင်ခဲ့မိတာ ..........