ငှက်ကလေး ငါ့ဆီ ပြန်မလာသေးဘူး
ငှက်ကလေးရေ ……………………..
ငါ့အလွမ်းဝါ၀ါတွေမြင်ပါစေ ။
စိမ်းနေတဲ့မြက်ခင်းတွေ
ပြာနေတဲ့ ကောင်းကင်အစပ်တွေ
ရိတ်သိမ်းစ စပါးခင်းနဲ့
နေ၀င်ရီတရော ပုစွန်ဆီရောင်ညနေ
ေ၀၀ါးနေတဲ့ မြူတွေ . . . . . နှစ်တွေ . . . . .
ငှက်လေးရေ . . . . . . . . .
အလွမ်းက မီးတောက်ဆို
အကြိမ်ကြိမ်လောင်ကျွမ်းခံရသူဟာ ငါပဲပေါ့
အထီးကျန်ဆန်တဲ့ နှစ်တွေကို
ငါ မဖြတ်သန်းချင်တော့ဘူး ။
အိပ်ပျော်နေတဲ့ စာသင်ကျောင်းကို ပုတ်နှိုးသူ
ခေါင်းလောင်းလေးရယ်
ဖုန်အလိမ်းလိမ်းက
ခဏ၀ှက်ယူထားတတ်တဲ့ ရွာလယ်လမ်းမရယ်
သေစာရှင်စာ ရေးတတ်ဖတ်တတ်ရုံ
ကာလသားချက်ရယ်
နွေပူပူဆို
သင်ဖြူးလေးမြေမှာခင်း
အေးမြခြင်းအရိပ်ကိုပေးတဲ့ ဘူးစင်လေးနဲ့
အားလုံးကို သတိရကြောင်း
ငှက်ကလေးရေ ပြောပေးပ ! ! !
ငှက်ကလေးရေ . . . . . . . . . . .
ကြေကွဲအထီးကျန်ဆန်တဲ့နှစ်တွေကို
နောက်ထပ် လွမ်းတမ်းတဖို့
နေလုံးဟာ
တောင်တန်းတွေ ပခုံးပေါ်မေးတင်ပြုံးပြနေနေပေါ့ ၊
ငှက်ကလေးက ရယ်ရွှင်
အဘိယာစက စကားကိုဆို
ငါကတော့ မြို့တစ်မြို့မှာ မောလို့ ၊
မိုးတွေရိုင်းရိုင်း ရွာလာပြန်ပြီကော ! ! !
မိုးကိုမျှော်တဲ့ ငရုတ်ပင်လေး
ငှက်ကလေးစိုက်ထားတဲ့
မိုးမျှော်ငရုတ်ပင်လေးတွေပေါ့ ၊
ငှက်ကလေးက
သူ့ သီးပင်စားပင်လေးတွေနဲ့ ကမ္ဘာပြုလို့ ၊
ငါကတော့
အလွမ်းဝါ၀ါတွေနဲ့
မေ့မရတဲ့ ညတစ်ညကို
ခေါင်းအုံးပေါ် ပါးပြင်အပ်
အမှောင်ထဲက အတွေးစကို
ငှက်ကလေး လှမ်းလို့မြင်နိုင်ပါစေ . . . . . . . . . .။ ။
အောင်လွန်းမြိုင်
မဟေသီ မဂ္ဂဇင်း ၂၀၀၆၊ ဇူလိုင်
No comments:
Post a Comment