ဒီအကြောင်းလွယ်လွယ်
ရေးလို့မရဘူး
အောင်လွန်းမြိုင်
အချိန်နဲ့အမျှ
ငါ့ကို
လွယ်ပိုးထားတဲ့ “ကဗျာ” က
သေလိုက်
ရှင်လိုက်
ခု
- - -
ဖွဲမီးထဲတငွေ့ငွေ့
တိတ်ဆိတ်ဆူလောင်
ချော်ရည်လိုစီးပြီး
အသံမထွက်ဘူး။
တွေးစရာ
ခေါင်းတစ်လုံး
ဆွေးစရာ
ခန္ဓာတစ်စုံ
အဖေပေးခဲ့တာလေ
အံကပ်သွားတစ်စုံ
အိပ်ရာဘေးထွက်ကျလို့
အေးစက်
အသက်မဲ့ ဇန်န၀ါရီ
အဖေ
………..
ခုဘယ်ရင်ခွင်မှာ
နှင်းလို
ခုဘယ်ခရီးမှာလွမ်းဆွတ်ပြီး
ခုဘယ်လောကပေါ်
ကွေးညွှတ်ရမှာလဲ
အဲဒီမနက်က
သဇင်ပန်းတွေ
မပွင့်ကြဘူး
မျက်ရည်တွေ
ပွင့်ခဲ့ကြ
အဖေ့နှစ်တစ်ရာပန်းတွေငိုလို့
အဖေ
သားတို့
သောကကို
မီးစွဲလောင်ခဲ့ပါတယ်
အရိပ်မဲ့
……………..။ ။
အောင်လွန်းမြိုင်
ပန်းအလင်္ကာမဂ္ဂဇင်းတွင်ဖော်ပြပြီး ။
ဇူလိုင်လ၊၂၀၀၇
No comments:
Post a Comment