Thursday, September 6, 2012

လေးကျွန်းမြေ၏ .... ဓမ္မဒါန (၂)


ပညာဘာဝနာ

သမာဓိဘာဝနာပြီးရင် ပညာဘာဝနာကိုဆက်ပြီးတော့ ဖြည့်ကျင့်ရပါမယ် ၊ ဆက်ပြီးဖြည့်ကျင့်လို့ရှိရင် ဤကဲ့သို့ ချုံးပြီးစဉ်းစားကြည့်လိုက်ပါ၊ ထွက်လေကို ထုတ်လွှတ်တဲ့အခိုက်၊ ၀င်လေကိုရှူရှိုက်တဲ့အခိုက် ….. နှစ်မျိုးရှိရာ ……………
ထွက်လေကို ထုတ်လွှတ်တဲ့အခိုက်၌ဖြစ်သောရုပ်နာမ်တရားတို့သည် ၀င်လေကိုရှူရှိုက်သော အခိုက်သို့ မလိုက်ပါ၊ ထိုထွက်လေကို ထုတ်လွှတ်သောခဏ၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စတို့ပါတကား၊ ဒုက္ခတို့ပါတကား၊ အနတ္တတို့ပါတကား ………။
ဝင်လေကို ရှူရှိုက်သောအခိုက်၌ခဏ၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စတို့ပါတကား၊ ဒုက္ခတို့ပါတကား၊ အနတ္တတို့ပါတကား ………။
အဲဒီလို(စိတ်ထဲက) ဆိုပြီး ရှုချင်ရင် ၀ိပဿနာပညာဘာသနာဖြစ်တယ်။ ၀ိပဿနာ ပညာဘာဝနာအကျဉ်းရှုချင် ရင် ယခုပြောခဲ့တဲ့အတိုင်း ရှုရန် ဖြစ်ပါတယ် ၊ ရှုကြည့်ပါလေ ။ ဒီထက် ၀ိပဿနာ ပညာဘာဝနာ အကျယ်ရှုနည်းလည်း ရှိပါတယ် ။

                                                       

ဝိပဿနာ ပညာဘာဝနာ အကျယ်ရှုနည်း

ဒီနည်းကို ကျေးဇူးတော်ရှင်မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးက မိမိရဲ့ပရမတ္ထသရှုပဘေဒနီကျမ်းကမ္မဋ္ဌာန်းပိုင်းမှာ အချုပ်လင်္ကာရေးခဲ့ပါတယ်၊

ထိုလင်္ကာကား - - -
သုံးပါးသက်ရွယ် ၊ ဆယ်ဒသက၊ ပဉ္စကတည့် ၊
စတုက - တိ ၊ ဒွိ နှင့် ဧက ၊ သုံးဝဥတု ၊
ရတုခြောက်သွယ် ၊ လကွယ်လဆန်း ၊
ဒိဝန်းရတ္တိ ၊ ဆဗ္ဗိအခါ ၊ ကိရိယာဆ ၊
ဥဒ္ဓရဏက၊ စသည်ခြောက်ခု ၊ အစုစုဝယ် ၊
ဖြစ်မှုဥဿုံ ၊ အလုံးစုံကား ၊ ရွှေဘုံမဖြစ် ၊
တစ်ဆစ်တစ်ရက် ၊ တစ်စပ်တစ်သင်း ၊
နှမ်းအိုးကင်းထက် ၊ နှမ်းစေ့ကျက်သို့ ၊
ကွဲပျက်ကြေမွ ၊ အနိစ္စသည် ၊
ဒုက္ခ အနတ္တ  ချည်းသာတည်း …………..။

                ဤလင်္ကာကို အရကျက်ပါ ။ ပြီးမှအဓိပ္ပါယ်ကို အကျဉ်းသိအောင် ဤဆိုလတ္တံအတိုင်း မှတ်သား၍ ၀ိပဿနာရှုရပါမည် ။မှတ်ပုံ ရှုပုံကား . . . . . . . .
               
သုံးပါးသက်ရွယ်
လူဘ၀ ယခုလို အသက်တစ်ရာတမ်းမှာအရွယ်သုံးပါး ပိုင်းခြားသတ်မှတ်လိုက်ရင် . . . . . . . . . . . .
(၁)    ပထမအရွယ် = မွေဖွားသည်မှ (၃၃) နှစ်၊ (၄) လထိ ကို ပထမအရွယ်လို့ ခေါ်တယ် ။
(၂)    မဇ္ဈိမအရွယ်  = အဲဒီ (၃၃) နှစ်၊ ၄ လ မှ ( ၆၆ နှစ်၊ ၈ လ ) အထိ ကို မဇ္ဈိမအရွယ် လို့ခေါ်တယ် ။
(၃)    ပစ္ဆိမအရွယ်      အဲဒီ ၃၃ - နှစ် ၊ ၄ လ (၆၆  နှစ် ၊ ၈ လ) ရဲ့ အထက် ၃၃ - နှစ် ၄ - လ( နှစ်ပေါင်း ၁၀၀) အထိကို ပစ္ဆိမအရွယ် ၊ ဘ၀ရဲ့ နောက်ဆုံးအရွယ်လို့ ခေါ်တယ် ။
        အရွယ်သုံးပါးကို နားလည်ကြပြီနော် ၊ အရွယ်သုံးပါးကို အာရုံပြီး ။
        ပထမအရွယ်၌ ဖြစ်သော ရုပ်နာမ်တရား တို့သည် မဇ္ဈိမ (ဒုတိယ) အရွယ် သို့ မလိုက်ပါ ၊ ထို ပထမအရွယ်၌                
သာလျှင်  ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား ၊ ဒုက္ခ တို့ပါတကား ၊ အနတ္တ တို့ပါတကား ။
          မဇ္ဈိမ (ဒုတိယ) အရွယ်၌ ဖြစ်သော ရုပ်နာမ်တရား တို့သည် ပစ္ဆိမ (တတိယ) အရွယ် သို့ မလိုက်ပါ ၊  ထို   မဇ္ဈိမ
(ဒုတိယ)အရွယ်၌ သာလျှင်  ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား ၊ ဒုက္ခ တို့ပါတကား ၊ အနတ္တတို့ပါတကား။
          ပစ္ဆိမ(တတိယ)အရွယ်၌ ဖြစ်သော ရုပ်နာမ်တရား တို့သည် နောက်တစ်ဖန် ဘ၀သစ် သို့ မလိုက်ပါ ၊ ဤ ဘ၀မှာ ပင်  ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား ၊ ဒုက္ခ တို့ပါတကား ၊ အနတ္တ တို့ပါတကား ။
        ဟောဒါ အဋ္ဌကထာမှာ လာတဲ့ အရွယ်သုံးပါးနဲ့ ၀ိပဿနာ အကျယ်ရှုနည်း ဖြစ်ပါတယ် ။

ဆယ်ဒသက
        ဆယ်နှစ် ၊ ဆယ်နှစ် ကို ဒသက တစ်ခုတစ်ခု လို့ ခေါ်တယ်။ ယနေ့ အသက် (၁၀၀) တန်း ဖြစ်လို့ ဒသက ဆယ်နှစ် တစ်ခုတစ်ခု နဲ့ သတ်မှတ်လိုက်လျှင် ဒသကပေါင်း ဆယ်ခု ဖြစ်ပါတယ်။ ဒါကို မြန်မာလို လွယ်လွယ်ခေါ်ရင် ပထမဆယ်နှစ်၊ ဒုတိယဆယ်နှစ်၊ တတိယဆယ်နှစ်၊ စတုတ္ထဆယ်နှစ်၊ ပဉ္စမဆယ်နှစ်၊ သတ္တမဆယ်နှစ်၊ အဋ္ဌမဆယ်နှစ်၊ န၀မဆယ်နှစ်၊ ဒသမဆယ်နှစ်လို့ (၁၀)ပုံ ရပါတယ် ။

                အသက်တစ်ရာကို ဆယ်ပုံပုံ၍` ၀ိပဿနာနည်း
        ပထမဆယ်နှစ်၌ဖြစ်သော ရုပ်နာမ် တရားတို့သည် ဒုတိယဆယ်နှစ်သို့ မလိုက်ပါ။ ထို ပထမဆယ်နှစ်၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စတို့ပါတကား၊ ဒုက္ခတို့ပါတကား၊ အနတ္တတို့ပါတကား။

        ဒုတိယဆယ်နှစ်၌ဖြစ်သော ရုပ်နာမ်တရားတို့သည် တတိယဆယ်နှစ်သို့ မလိုက်ပါ။ ထို ဒုတိယဆယ်နှစ်၌သာ လျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စတို့ပါတကား၊ ဒုက္ခတို့ပါတကား၊ အနတ္တတို့ပါတကား။
        တတိယဆယ်နှစ်၌ဖြစ်သော ရုပ်နာမ်တရားတို့သည် စတုတ္ထဆယ်နှစ်သို့ မလိုက်ပါ။ ထို တတိယဆယ်နှစ်၌သာ လျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စတို့ပါတကား၊ ဒုက္ခတို့ပါတကား၊ အနတ္တတို့ပါတကား။
        စတုတ္ထဆယ်နှစ်၌ဖြစ်သော ရုပ်နာမ်တရားတို့သည် ပဉ္စမဆယ်နှစ်သို့ မလိုက်ပါ။ ထို စတုတ္ထဆယ်နှစ်၌သာ လျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စတို့ပါတကား၊ ဒုက္ခတို့ပါတကား၊ အနတ္တတို့ပါတကား။
        ပဉ္စမဆယ်နှစ်၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် ဆဋ္ဌမဆယ်နှစ်သို့ မလိုက်ပါ။ ထို ပဉ္စမဆယ်နှစ်၌သာ လျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စတို့ပါတကား၊ ဒုက္ခတို့ပါတကား၊ အနတ္တတို့ပါတကား။
        ဆဋ္ဌမဆယ်နှစ်၌ဖြစ်သော ရုပ်နာမ်တရားတို့သည် သတ္တမဆယ်နှစ်သို့ မလိုက်ပါ။ ထို ဆဋ္ဌမဆယ်နှစ်၌သာ လျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စတို့ပါတကား၊ ဒုက္ခတို့ပါတကား၊ အနတ္တတို့ပါတကား။
        သတ္တမဆယ်နှစ်၌ဖြစ်သော ရုပ်နာမ်တရားတို့သည် အဋ္ဌမဆယ်နှစ်သို့ မလိုက်ပါ။ ထို သတ္တမဆယ်နှစ်၌သာ လျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စတို့ပါတကား၊ ဒုက္ခတို့ပါတကား၊ အနတ္တတို့ပါတကား။
        အဋ္ဌမဆယ်နှစ်၌ဖြစ်သော ရုပ်နာမ်တရားတို့သည် န၀မဆယ်နှစ်သို့ မလိုက်ပါ။ ထို အဋ္ဌမဆယ်နှစ်၌သာ လျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စတို့ပါတကား၊ ဒုက္ခတို့ပါတကား၊ အနတ္တတို့ပါတကား။
        န၀မဆယ်နှစ်၌ဖြစ်သော ရုပ်နာမ်တရားတို့သည် ဒသမဆယ်နှစ်သို့ မလိုက်ပါ။ ထို န၀မဆယ်နှစ်၌သာ လျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စတို့ပါတကား၊ ဒုက္ခတို့ပါတကား၊ အနတ္တတို့ပါတကား။
        ဒသမဆယ်နှစ်၌ဖြစ်သော ရုပ်နာမ်တရားတို့သည် နောင်တစ်ဖန်ဘ၀သစ်သို့ မလိုက်ပါ။ ထို ဒသမဆယ်နှစ်၌သာ လျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စတို့ပါတကား၊ ဒုက္ခတို့ပါတကား၊ အနတ္တတို့ပါတကား။
        ဟောဒါ အဋ္ဌကထာမှာ လာတဲ့ ဒသကဆယ်ပါးနဲ့ ၀ိပဿနာ အကျယ်ရှုနည်း ဖြစ်ပါတယ် ။
                                                                    
                                                                 ဆက်လက်ဖေါ်ပြပါဦးမယ်။

No comments:

Post a Comment