ဆေးလိပ်ခုံ
နံနက်လင်းတာနဲ့
အမနာပတွေ ထွက်ကျလာတယ် ။
ဖက်ရေဆွတ်သံတစ်ဖျပ်ဖျပ်
အိပ်ရေးဝချင်ဟန်ဆောင်ထားတဲ့
နွေနေ့လည်ခင်းတစ်ခု ရောက်ရှိလာမယ် ။
ဒီကနေ့ ဘာဟင်းလဲ
ခွာသံပြင်းပြင်း မာနစကား
တီးတိုးတီးတိုး သဖန်ပိုးတစ်စု ရောက်ရှိလာမယ် ။
ရောင်စုံစကားလုံး အထူအပါးတွေ ထွက်ကျလာမယ် ။
ဆေးစပ်မွှန်နေတဲ့
ခေါက်ရိုးကျိုး ဗီလိန်ဇာတ်ရုပ်တစ်ရုပ် ထွက်လာမယ် ။
အစီခံ တဒိုင်းဒိုင်းဆောင့်
ဒုတ်တိုင်းနဲ့ ဖြတ်တောက်ပြီး
တစ်ဖက်ဗန်းကလူကို လင်လုဖက်ထင်ကာ
ဒေါသသင့် မျက်စောင်းစေးပျစ်ပျစ်တွေ ရောက်ရှိလာမယ် ။
ဇာတ်လမ်းတို ဇာတ်လမ်းစနဲ့
ရေပက်မ၀င်တဲ့ အတင်းအဖျင်းတွေ
စကားရည်လုပြိုင်ပွဲလို အလုအယက်ပြောရင်း
ရှက်ဖွယ်လိလိ ကြော်ငြာသီချင်းတစ်ပိုင်းတစ်စထွက်ကျလာတယ် ။
နေ့တစ်နေ့ချင်းအပေါ်မှာ
အပ်ကြောင်းထပ်တဲ့ ဓာတ်ပြားဟောင်းစက်ရုံလေးဟာ
သူ့ခန္ဓာကိုယ်က
မီးခိုးလုံးတွေ အူထွက်လာတာ
သူ့ကိုယ်တိုင် မသိလိုက်ဘူးလေ ။ ။
အောင်လွန်းမြိုင်
သောင်းပြောင်းထွေလာရယ်စရာ မဂ္ဂဇင်း
အောက်တိုဘာ၊
၁၉၉၉ - ခုနှစ်
No comments:
Post a Comment