ပြီးခဲ့သော တနင်္ဂနွေ
အလွမ်းက
ချုံခိုတိုက်ခိုက်တဲ့အကြောင်း
ကျွန်တော်ပြောပြဖို့
ဒီကဗျာက သက်သေကောင်းဖြစ်မယ် ။
တစ်နေ့လယ်ခင်းလုံး
အဓိပ္ပါယ်မဲ့ပျင်းရိနေသမျှ
မွေးနေ့က ဖြတ်ကျော်သွားတယ် ။
အသည်းကွဲပြဇာတ်တွေခင်း ခင်းပြတတ်တဲ့
သူငယ်ချင်းတစ်ယောက်နဲ့
အဲဒီနေ့မှာတွေ့တော့
“ အဆန်းတကြယ်နေ့ တစ်နေ့က
နှလုံးသားက အ၀ါ
အစာအိမ်က သီချင်းကို ဆက်သွယ်တယ်
လမ်းကအပူရောင်
အစမရှိ အဆုံးမရှိ ဒြပ်တစ်ခုပါပဲကွာ ” တဲ့ . . . . .
ပြီးတော့လည်း
တစ်ယောက်စီ လွင့်ထွက်သွားကြ ။
ကြိတ်စက်ထဲကနေ
တိုးထွက်အောက်ကျသွားတဲ့
အချိုမကုန်သေးတဲ့ ကြံဖတ်လို
ပြန်ကြိတ်ရခက်
လွှင့်ပစ်ရခက် ဘ၀ရယ် . . . . . . . . .
အချိုတစ်ဝက် သဲတစ်ဝက်နဲ့ ။
။
အောင်လွန်းမြိုင်
မြားနတ်မောင်၊ မဂ္ဂဇင်း၊
မေလ၊ ၂၀၀၂ - ခုနှစ်
No comments:
Post a Comment