Tuesday, November 26, 2013

ရတုမြေ ကဗျာ ပြပွဲ (၈)



 
ငြိမ်ဆေး

ကြောင်းကျိုးမဲ့
အမနာပ စကားသံတွေ
သံရည်ပူလို
ငါ့ နားထဲ စီးဝင်လာခဲ့
ငါ မနေသာဘဲ
ပေါက်ကွဲလုနီးနီး
တုံ့ပြန်ဖို့ပြင်ဆင်နေတုန်း ၊

ပီရီကလီရဲ့
သမိုင်းဝင်စကား
" မိတ်ဆွေကြီး
အိမ်ထဲကြွပါခင်ဗျာ " တဲ့
" နံနက်စာသုံးဆောင်ပြီးမှပြန်ပါ " တဲ့
ရင်နာအောင်ပြောတဲ့သူကို
ခွင့်လွှတ်သတဲ့ ။

ဒီစကားလက်ဆောင်
ပူလောင်နေတဲ့
ငါ့ ရဲ့ရင်ထဲ
တိုးဝင်နေရာယူခဲ့ပြီ ။
     ကိုရုန်း
                
                    *ပီရိကလီ  = ဂရိ သမိုင်းထဲက လူထုခေါင်းဆောင်

ရတုမြေ မဂ္ဂဇင်း
                   အတွဲ (၁) အမှတ်၊ ဒီဇင်ဘာလ၊ ၂၀၁၃ ။







ရောင်စုံမြားတွေ
အမှောင်ထုထဲမှာ
လမ်းပျောက်နေပြီ ၊

မြို့နားကမြက်တွေ
မြို့သားတွေ အထင်မကြီး
နင်းခြေကျော်ခွ သွားခဲ့လို့ ၊

တချို့ကတော့
ဝါးလုံးခေါင်းထဲမှာ
ကိုယ့်ကိုယ်ကို သာလှပြီထင်နေသေးရဲ့ ၊

တချို့က ကိုတိုးကြီးရဲ့
ကြိုးကြားသံ သီချင်းလေးငြီး
ပျံနေရင်းကျန်ရစ် ၊

အလွဲအချော်၊ အချော်နဲ့အလွဲ
ဘာကအရင်စခဲ့သလဲ၊

သမိုင်းခေတ်ကြီးကြီးနဲ့ မြို့မဟာသားတွေ
မလှုပ်မယှက် မထိုးထွက်နိုင်အောင်
ကိုယ့်ကိုယ်ကို ဘောင်ကျဉ်းကျဉ်းထဲ
ရေးဆွဲပြဌာန်းခံနေကြရ ၊

မြို့လေးက ရှုပ်ပွနေမှ
ညစ်ပေညံ့ဖျင်းရွှံ့ဗွက်လမ်းတွေပေါ်
ကွမ်းတံတွေးထွေးချတာ
အပြစ်မဆိုသာတော့ ။

ရင်မောင်ငြိမ်း
        ရတုမြေ မဂ္ဂဇင်း
                  အတွဲ (၁) အမှတ်၊ ဒီဇင်ဘာလ၊ ၂၀၁၃ ။





 

အရာရှိကြီးတစ်ယောက် ငါတို့ လက်ဖက်ရည်ဆိုင်မှာ
လက်ဖက်ရည်လာသောက်တော့
လက်ဖက်ရည်သောက်သုံးသူဖြစ်သွား
တယ်။
သန့် ရှင်းရေးသမားတစ်ယောက် ငါတို့ လက်ဖက်ရည်ဆိုင်မှာ
လက်ဖက်ရည်လာသောက်တော့
လက်ဖက်ရည်သောက်သုံးသူဖြစ်သွားတယ်။
လူတန်းစား ခွဲခြားမှုမရှိတဲ့ လက်ဖက်ရည်ဆိုင်လေး
ငါတို့ သောက်နေကျ လက်ဖက်ရည်ဆိုင်လေး....။

       ဆလိုင်းမြတ်နိုးသူ
      (တောင်ဇလပ်မြေ)
        ရတုမြေ မဂ္ဂဇင်း
                       အတွဲ (၁) အမှတ်၊ ဒီဇင်ဘာလ၊ ၂၀၁၃ ။










No comments:

Post a Comment