Tuesday, March 31, 2015

အော်သံ ။ မင်းညွန့်လှိုင်


အော်သံ


တင်ထားလိုက်တဲ့မုန့်ထုပ်တွေက
တလုံးတခဲကြီး
မုန့်လုံးကြီးလိမ့်နေသလိုလို
စက်ဘီးနင်းနေသူကိုမှမမြင်ရ။
ဘတ်စ်ကားသေးသေးလေးကို
အုံခဲနေတဲ့လူတွေကတထွေးကြီး
လူအထုံးအထွေးကြီးပြေးလွှားနေသလိုလို။
ပလက်ဖောင်းတလျှောက်
အရောင်စုံအသံစုံအနံ့အသက်စုံ
ငါသူတပါး ယောက်ျားမိန်းမ မကွဲပြား
ပူလောင်ခြင်းသာ ထင်ရှားတဲ့အမှတ်အသား
အပူစီးကြောင်းကြီးရွေ့လျားနေပါလား။
အထပ်မြင့်အဆောက်အဦကြီးတွေက
ဘယ်လိုသက်ရှိမျိုးတွေသိုလှောင်ထားပါလိမ့်
ကတ္တရာလမ်းချောက်နက်နက်ထဲ
ပုရွက်တစ်ကောင်လိုငါတွေးခေါ်မိ
ဖန်ရောင်မှန်ရောင် သတ္တုရောင်တဖျတ်ဖျတ်မှာ
လူရိပ်လူယောင်မှမမြင်ရပါလား ။
သံပန်းတံခါးတထပ်
သစ်သားတံခါးရွက်တထပ်
ချောင်းကြည့်ပေါက်ပိစိလေးရဲ့တဖက်မှာ
ငါရှာဖွေနေတဲ့
မျက်ဝန်းလှလှရှိဖို့မသေချာ။
လွမ်းမောဘွယ်တက္ကသိုလ်ညများရဲ့
ပုံပြင်တွေထဲကသရဲတစ္ဆေမှာ
မျက်နှာမပါသလိုမျိုး
ဒီမြို့ကြီးမှာ
ငါသိထားတဲ့မျက်နှာတွေ
ဘယ်ရောက်နေကြပါလိမ့်။
မြို့ကြီးမျက်မည်းထဲ
လူပျောက်နေတယ်
လူပျောက်နေတယ်
လူပျောက်နေပါတယ်ဗျို့
ငါ့အော်သံလည်း
မျက်ကလဲဆန်ပျာ
မျက်စိမျက်နှာပျက်နေပါရောလား ။      ။

                                      မင်းညွန့်လှိုင်

No comments:

Post a Comment