Saturday, July 25, 2015

ခေါင်းစဉ်လဲမရတဲ့ ပုံပြင် ၊ ခက်ဦး


ခေါင်းစဉ်လဲမရတဲ့ပုံပြင်

_______________
ဤကိုကျွဲမဖတ်ရကောင်းလားဆိုပြီး
ပွတ်သီးပွတ်သပ်ချော့ပြောတယ်
ဤကိုကျွဲမဖတ်ရကောင်းလားဆိုပြီး
ခြိမ်းချောက်သံနဲ့ခြေကြိတ်နင်းသတိပေးတယ်
ဤကိုကျွဲမဖတ်ရကောင်းလားဆိုပြီး
မဖတ်ကြလေသူ တော်တော်များများကို
တအားလွှဲလွှဲ ရိုက်တော့တာပဲ
သိပ်မကြာပါဘူး
အလှကြည့်ခံငါးလို နေချင်တဲ့သတ္တဝါတွေ
အို.... ဤ ဖြစ်ဖြစ် ကျွဲဖြစ်ဖြစ်
အလျင်းသင့်သလိုပြောင်းဖတ်ပေးလိုက်မယ်
ဖြစ်သွားပါလေရော
သိပ်မကြာပါဘူး
လူကြီးလူကောင်းဆိုသူများ
ကျွဲပြောင်းဖတ်လို့ဘာဖြစ်သွားတာလိုက်လို့ကွာ
ဖြစ်သွားပါလေရော
တချိန်ထဲမှာပဲ
ပညာတတ်ယောင်ယောင်လူတချို့ဆီက
သမိုင်းအထောက်အထားများအရ
ဤကိုကျွဲဟုပြောင်းဖတ်ခြင်းသည်
တင့်တယ်ကောင်းမွန်ကြောင်းတွေ့ရှိရဆိုတဲ့
သဘောထားလေးကြားရတယ်လို့
ဖြစ်သွားပါလေရော
ဤဟာဤ ကျွဲဟာကျွဲကွ
ဤဟာဤ ကျွဲဟာကျွဲကွ
အံကြိတ် အော်တယ်
ပြတ်ပြတ်သားသား အော်တယ်
အဲ့အသံတွေပိုပိုကျယ်လာတဲ့နောက်
တုတ်တွေလက်တွေဓားတွေလည်း
မြည်သံစွဲ ရုန်းရင်းဆန်ခတ်
ဖြစ်သွားပါလေရော
ဤနဲ့ကျွဲ မခွဲနိုင်အောင်မိုက်မဲပါသဖြင့်
သင်ကြားပြုပြင်ပေးရန် ယာယီထိန်းသိမ်းလိုက်ပါသည်... တဲ့
ဖြစ်သွားပါလေရော
ယာယီဟာ
ကမ္ဘာချီမတတ်ကြာတော့မလိုလို
ဖြစ်သွားပါလေရောလားဗျာ ။
ခက်ဦး
၂၂ . ၇ . ၂၀၁၅

No comments:

Post a Comment