Sunday, April 12, 2015

ကျွန်တော့ ဝတ်ဆင်မှုဟာ …ခင်ဗျား …ကမ္ဘာကြီး အတိုင်း


ကျွန်တော့် ၀တ်ဆင်မှုဟာ .....
 ခင်ဗျား … ကမ္ဘာကြီး အတိုင်း .....
_______________________
ကမ္ဘာကြီးကို ကမ္ဘာကြီးအတိုင်း
ငှက်တွေ လန့်သေတာကို လန့်သေတဲ့အတိုင်း
ကြယ်တွေ သေကြောင်းကြံတာကို ကြံတဲ့အတိုင်း
မြစ်တွေ “ အ ” သွားတာကို “ အ ”သွားတဲ့အတိုင်း
တောင်တန်းတွေ ဗလက္ကာရ အပြုခံရတာကို ခံရတဲ့အတိုင်း
ဒီအတိုင်းဟာ
ကျွန်တော့အတိုင်းလား
ခင်ဗျားအတိုင်းလား
ဟိုလူ့အတိုင်း၊ ဒီလူ့အတိုင်းလား
ရေထုလေထု ညစ်ညမ်းရင် ညစ်ညမ်းတဲ့အတိုင်း
ဘယ်လောက်ဆိုဒ်လဲ
ရယ်ဒီမိတ်လား
အံဝင်ဂွင်ကျပဲလား၊
ဒီနားနည်းနည်းဖြတ်၊ ဟိုနားနည်းနည်းသီ
ပြန်လည်ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်
တိုင်းတာချက်က၊ အတိုင်းထက်အလွန်ဖြစ်လာ
ချက်ဆို နားရွက် က ပြာဖြစ်နှင့်ပြီ ။

ယောင်္ကျားနဲ့ မိန်းမ ဘယ်လိုတိုင်းလဲ
လူလူချင်းဘာနဲ့တိုင်းမလဲ
လူနဲ့ တူအောင် ဘာနဲ့တိုင်းမလဲ
အရပ်မလွတ်၊ အရိပ်မလွတ်၊ လမ်းနဲ့မလွတ်
အပူနဲ့ မလွတ်၊
မလွတ်တဲ့ကြားက မကျွတ် တဲ့ အတိုင်း
သမိုင်းဟောင်းထဲကမကျွတ်တဲ့အတိုင်း
လွန်လေပြီးသော ဥပမာများ အတိုင်း၊
လွန်လေပြီးသော ဥပမေယျများ အတိုင်း
လွန်လေပြီးသော သာဓကများအတိုင်း
လွန်လေပြီးသော သင်ခန်းစာများအတိုင်း

စောင့်ကြည့်ခြင်း၊ စုံစမ်းခြင်း၊
သုံးသပ်ခြင်း၊ စိစစ်ခြင်း
ခြင်းထဲက ကြက်တွေဟာ၊
ခြင်းထဲမှာပဲသေလို့ ၊ ပျော်လို့၊
သေပျော်လို့
အိုးမဲ မလိုတော့တဲ့  အတိုင်း
ကျွန်တော့အတိုင်းကို ခင်ဗျားဝတ်ထားတယ်
ကမ္ဘာကြီးအတိုင်း . . . . . . . . . . .။              ။

                            ရန်လင်းအောင်
                       ဖက်ရှင် မဂ္ဂဇင်း ၂၀၁၅          

No comments:

Post a Comment