Friday, January 1, 2016

ရာပြည့်အတွေးများ - မင်းညွန့်လှိုင်



ရာပြည့်အတွေးများ

ဒီနှစ်ဟာထူးထူးကဲကဲ ရာပြည့်တွေနဲ့ ပြည့်နှက်နေတဲ့
နှစ် တစ်နှစ်ဖြစ်ပါတယ် ။
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်
ဒေါ်ခင်မျိုးချစ် ရာပြည့်
လူထုဒေါ်အမာ ရာပြည့်
မြန်မာကာတွန်း ရာပြည့် . . .စသဖြင့်ပေါ့ ။
ဒီအရင်က ထူးထူးခြားခြားဖြတ်သန်းခဲ့ရတာက

မှိုင်းရာပြည့် ။ ၁၉၇၆ ။

အဲဒီနောက်မှာဇော် နဲ့ ဝဏ် တို့ရဲ့ရာပြည့်တွေ ။

လာမယ့် ၂၀၁၆ မှာ ဗိုလ်အောင်ကျော် ရာပြည့်
ပြီးရင် ၂၀၁၉ မှာ ဒဂုန်တာရာ ရာပြည့်
စတာတွေကို မလွဲမသွေ ဖြတ်သန်းရပါဦးမယ် ။
ဒီ ရာပြည့် အစဉ်ကြီးတွေကို
ပြန်ကြည့် ပြန်တွေးရင်
အမျိုးသားလွတ်မြောက်ရေး ခရီးစဉ်ကြီးကို
ထင်းထင်းကြီးမြင်ကြရပါမယ် ။

"မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရသည် ။"

ဒီဝါကျတစ်ကြောင်းရေးနိုင်ဖို့
အမျိုးသားစာဆိုကြီး မဟာမှိုင်းဟာ
စာပေလက်နက် လူထုလှုပ်ရှားမှုလက်နက်တွေနဲ့
နယ်ချဲ့ရဲ့ ရန်သူတော်နံပါတ် ၁ အဖြစ်
နှစ်ပေါင်း များစွာကတည်းက
ကြိုတင် စည်းရုံးစုစည်းကာနေခဲ့ရတာပါ ။

မှိုင်းရဲ့ နောက်မှာတော့
ဇော် နဲ့ ဝဏ်တို့ရဲ့ ဝံသာနုအခြေခံ ခေတ်စမ်းစာပေလှုပ်ရှားမှု
ကြီးကျယ်တဲ့ ကြယ်ပွင့်ကြီး ဒဂုန်တာရာတို့ရဲ့
လူတန်းစားအတွေး အခြေပြု စာပေသစ်လှုပ်ရှားမှုတို့ဟာ
ထင်လင်းတဲ့မှတ်တိုင်တွေပါပဲ ။

ဆရာမကြီးဒေါ်ခင်မျိုးချစ် ဆရာမကြီးလူထုဒေါ်အမာတို့လို
လေးစားအပ်တဲ့ အမျိုးသမီးကြီးတွေရဲ့
စွမ်းဆောင်မှုတွေကလည်း လေးစားဘွယ်ကောင်းလှပါတယ် ။
ဆရာမကြီးတွေက အမျိုးသမီးအခွင့်အရေးတွေ ဘာတွေ
မတွေးခဲ့ မရေးခဲ့ကြပဲ
သစ်တစ်ပင်ကို မငဲ့ကွက်ပဲ
သစ်တောကြီးအရေးကိုပဲ တွေးခဲ့ကြတာ
'မောင်တစ်ထမ်း မယ်တစ်ရွက်' အတွေးအခေါ်နဲ့
ပါဝင်ခဲ့ကြတာကိုလည်း သတိပြုစရာပါ ။

ဆရာကြီးမှိုင်းရဲ့ ရာဇဝင်ကျမ်းကို ကျောင်းမှာသင်
ဆရာကြီးရဲ့ စာတွေနဲ့ ကြီးပြင်း
ဆရာကြီး ဦးစီးတဲ့အဖွဲ့တွေမှာ ပါဝင်လှုပ်ရှား
ဆရာကြီးရဲ့ အဆူအဆဲကို ခံယူခဲ့ကြတဲ့
ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေကတော့
နေသိ လသိ ကြယ်ပွင့်တွေပါပဲ ။

ကြေကွဲစရာကောင်းတဲ့အချက်အလက်ကတော့
ဆရာကြီးမှိုင်းနဲ့ အမျိုးသားစာဆိုကြီးတွေ လိုလားတဲ့
အမျိုးသားညီညွတ်ရေး ပြည်တွင်းငြိမ်းချမ်းရေး နဲ့
ပြည်သူ့အာဏာ ပိုင်စိုးရေး ရည်မှန်းချက်များကတော့
ဒီနေ့အထိ ပြည့်ဝမလာခဲ့ပါဘူး ။

ငယ်ရွယ်နုပျိုပြီး စိတ်လိုက်မာန်ပါပြောဆိုတတ်တဲ့
အမျိုးသားခေါင်းဆောင်ဟာလည်း
လက်ဝဲညီညွတ်ရေး တည်ဆောက်ဖို့ စိတ်ကူးစိတ်သန်းကို
အကောင်အထည်မဖော်နိုင်ခင်မှာ ကျဆုံးခဲ့ရရှာပါတယ် ။

ကျွန်တော်တို့တတွေဟာ
လွန်ခဲ့တဲ့နှစ်တစ်ရာက စိုက်ပျိုးခဲ့တဲ့ အသီးအပွင့်တွေကို
ခံစား စံစားနေကြပါတယ် ။

နောင်လာမယ့်အနှစ်တစ်ရာအတွက်
သစ်ကောင်းတစ်ပင်ကို စိုက်ကြ ပျိုးကြရပါဦးမယ် ။

ကျွန်တော်တို့တတွေဟာ
မလိုချင်တဲ့ရာပြည့်တွေကိုလည်း ရခဲ့ကြရပါတယ် ။

အချုပ်အခြာအာဏာဆုံရှုံးမှုရဲ့သင်္ကေတ
"ပါတော်မူ"ရာပြည့်မျိုးပေါ့ ။

လွတ်လပ်ရေးရဲ့ ဖွားဘက်တော်အဖြစ်
မလိုချင်ပဲရခဲ့တဲ့ ဘေးထွက် ဆိုးကျိုးကြီးဖြစ်တဲ့
ပြည်တွင်းစစ် မီးတောက်မီးလျှံကြီးကိုတော့
အနှစ်တစ်ရာပြည့်အောင် သက်ဆိုးမရှည်စေလိုကြောင်း
ဆန္ဒပြုလိုက်ရကြောင်းပါဗျား ။ ။

မင်းညွန့်လှိုင်



No comments:

Post a Comment