Sunday, February 7, 2016

လွန်ခဲ့သော ကဗျာ - လွင်နောင်နောင်


လွန်ခဲ့သောကဗျာ

_____________________

ထမ်းပြီးထုတ်သွားသလား
တွန်းပြီးထုတ်သွားသလား
မရေရာတော့ပါဘူး
အဲ့ဒီနေ့က
အဖေ့ကိုသယ်သွားတယ် ။

မျက်ရည်စတွေကျန်ခဲ့သလား
အားငယ်မှုတွေချန်ခဲ့သလား
မရေရာတော့ပါဘူး
အဲ့ဒီနေ့ကဆေးရုံနောက်ကရင်ခွဲရုံမှာ
ကျွန်တော်တို့မိသားစု
ရင်ကွဲနေခဲ့တယ်။

ကြမ်းတမ်းသောလမ်းမများလား
မချောမွေ့သောနေ့စွဲများလားတောင်
မရေရာတော့ပါဘူး
အဲ့ဒီနေ့ကကွေးနေတဲ့အဖေ့လက်ကလေး
မဆန့်မီ
ကျွန်တော်တို့မိသားစု
နာကျင်မှုတွေပြန့်ခဲ့တယ် ။

တွေးနေတာတွေကနာကျင်စရာတွေလား
နာကျင်စရာတွေပဲတွေးနေမိသလား
မရေရာတော့ပါဘူး
အဲ့ဒီနေ့ကိုအားငယ်မှုတွေကြုံတိုင်း
ဆို့နင့်နေမိတယ်။

မရှိတော့တဲ့အရှိတရားတွေလား
ရှိနေသေးတဲ့အသိတရားတွေလား
မရေရာတော့ပါဘူး
အဲ့ဒီနေ့ကလိုမျိုးဘယ်သူ့ကိုမှ
ညမနက်စေချင်တော့တာ
မျက်ရည်တွေရဲ့စကားပါ ။

မှတ်မိနေသေးသလား
ထပ်ငြိနေသေးသလား
မရေရာတော့ပါဘူး
အဖေမရှိတော့တဲ့အသက်ဓာတ်မှာ
အဲ့ဒီနေ့ကမိုးစက်တွေဟာ
ကျွန်တော်တို့မိသားစုရဲ့ မျက်ရည်တွေပါ ။

ပြန်တွေးနေမိတာလား
တွေးနေတာတွေပြန်သွားနေတာလား
မရေရာတော့ပါဘူး
ပိတ်ထားတဲ့တံခါးဝမှာ
အဲ့ဒီနေ့ကအဖေရှိနေခဲ့တာပါ ။

ထမ်းပြီးထုတ်သွားခဲ့လေသလား
တွန်းပြီးထုတ်သွားခဲ့လေသလား
မရေရာပေမယ့်
အဲ့ဒီနေ့ကတည်းက အဖေပြန်မလာခဲ့တော့တာ
အသေအချာပါ … … … …

လွင်နောင်နောင်

No comments:

Post a Comment