Sunday, August 19, 2012

ဓမ္မဒူတ အရှင်ဆေကိန္ဒ   “အသိပေးစကားစုများ” (၁)

စိတ်ဆိုးနေတဲ့အခါ ကောင်းတဲ့စိတ်နဲ့ လဲ လိုက်ပါ။ ရှုပ်နေရင် ရှင်းတဲ့စိတ်၊ ပူနေရင် အေးတဲ့စိတ်၊ နောက်နေရင် ကြည်တဲ့စိတ်နဲ့ ချက်ချင်း လဲ လိုက်ပါ။

ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့လူ၊
မကောင်းတာကို လုပ်ဖို့ လွယ်တယ်ဆိုရင် ?

ဝမ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ။
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ။
ဘာမျှ မယ်မယ်ရရ မရှိခဲ့ပါဘူး၊
အသိဥာဏ်တိုးပြီး လူဖြစ်ကျိုးနပ်တယ် ဆိုလို့
တော်သေးတာပေါ့။

တခြားပစ္စည်းတွေကို ရောင်းလိုက်ရင်
အရှုံးမဟုတ်ရင် အမြတ်ရသေးတယ်။
စိတ်ချမ်းသာမှုကို ရောင်းစားရင် အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်။
စိတ်ချမ်းသာမှုကို ဘာနဲ့မျှ ရောင်းမစားပါနဲ့။

ကောင်းတဲ့အလုပ်ဟာ နောက်ကျတယ်ဆိုတာ မရှိပါဘူး။
လုပ်ငန်း မစ ရသေးတာပဲရှိတယ်။

“ဘေး” ကို ကြည့်လွန်းအားကြီးရင် “ဘေး” တွေ့တတ်တယ်။

ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့ ဖြစ်နိုင်တာတွေပါ ဆုံးရှုံးလိုက်ရပြီ။
ဖြစ်နိုင်တာကိုသာ ဦးစားပေးရင်
ဖြစ်ချင်တာတွေပါ အားလုံးဖြစ်လာမယ်။

လုပ်သင့်တာကို မလုပ်မိရင်
မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်။

“အစစ်” မဟုတ်သေးရင် “အတု”လိုက်ရင်းနဲ့ တူပြီး အစစ်ဖြစ်သွားတတ်တယ်။
ကောင်းတာကို အတုလိုက်ရင် ကောင်းတာဖြစ်တယ်။
ဒီလိုနားလည်ရင် မကောင်းတာကို အတုမလိုက်နဲ့။
အထွဋ်အထိပ်ကို ရောက်သွားသူတိုင်း
အခက်အခဲကို ရင်ဆိုင်ခဲ့ရတာတွေချည်းပါပဲ။

ကောင်းတာကို နားလည်သလောက် လုပ်စမ်းပါ။
အလုပ် လုပ်ရင်းနဲ့ နားလည်လာလိမ့်မယ်။
သိသလောက် ကျင့်၊ ကျင့်သလောက် သိလာလိမ့်မယ်။

ကိုယ်ကကြိုက်လို့ ကောင်းတာ ထက်၊
ကောင်းတာမိုလို့ ကြိုက်တာဆိုရင် အကောင်းဆုံးကို ရနိုင်တာပေါ့။

အခက်အခဲဆိုတာ -
ဥာဏ်နုံ့သူအတွက် ဘ၀တစ်ခုလုံး ကျိုးပျက်သွားတတ်ပေမယ့်
အသိဥာဏ်ရှိသူအတွက် ဘ၀ကြီးတစ်ခုလုံး တိုးတက်သွားနိုငတယ်။

လုံ့လရှိသူက လက်ရုံးအားကိုး---
ကြင်နာတတ်သူက နုလုံးသားနဲ့ စဉ်းစား ---
စည်းကမ်းရှိသူက ကိုယ်ကျင့်တရား လက်ကိုင်ထား ---
အသိဥာဏ်ရှိသူက ဦးနှောက်နဲ့ ဆုံးဖြတ် ---
မြင့်မြတ်သူက အမှန်တရားပေါ် ရပ်တည်။

ဆုံးဖြတ်ရဲသူကို ဇွတ်တရွတ်ဆန်တယ်။
ချင့်ချိန်တတ်သူကို သူရဲဘောကြောင်တယ်။
ရက်ရောသူကို လက်ဖွာတယ်။
စည်းကမ်းနဲ့ပေးသူကို ကပ်စေးနည်းတယ်။
ဦးဆောင်နိုင်သူကို နေရာယူတယ်။
ကျွမ်းကျင်သူကို နေရာယူတယ် လို့ အထင်မလွဲပါနဲ့။

ပြဿနာဆိုတာ လောကရဲ့ ဂုဏ်ပုဒ်တစ်ခုပါ။
ကိုယ်နဲ့သိပ်မဆိုင်ရင် ပြဿနာက သေးတယ်။
များများဆိုင်ရင် ပြဿနာက ကြီးလာပြီ။
လုံးဝမဆိုင်ရင်တော့ ပြဿနာ မရှိတော့ပါဘူး။

အော်- မကောင်းလိုက်တာက လောက၊
အမြဲတမ်း ကောင်းနေတာက အသိဥာဏ်။

No comments:

Post a Comment