Monday, September 10, 2012
လေးကျွန်းမြေ၏ ဓမ္မဒါန (၇)
ကိရိယာ ဆ ၊ ဥဒ္ဓရဏ က၊ စသည် ၆ ခု ၊
အစုံစုရှုပွားနည်း
        အဓိပ္ပါယ်ကား .......... တစ်နေ့အဖို့ရာ နေ့မှာသုံးချိန်၊ ညဉ့်မှာသုံးချိန် ဆိုခဲ့ပြီးအတိုင်း ၆ ချိန်ထား၍ ၀ိပဿနာရှုပြီးသည့်နောက် ခြေတစ်လှမ်း လှမ်းလျှင် အမူအရာ ကိရိယာ (၆) မျိုးကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ၀ိပဿနာ (၆) ကြိမ်ရှု၇ပါမည် ။
        ထို အမူအရာ - ကိရိယာ (၆) မျိုးဟူသည်မှာ ...... (မြန်မာလို) ........
၁ ။    ရပ်နေရာမှ အထက်သို့ ကြွချီလိုသဖြင့် ဖိနှိပ်၍ နင်းသော အခိုက် ၊
၂ ။    အထက်သို့ကွချီသောအခိုက် ၊
၃ ။    အထက်မှ အောက်သို့ချလို၍ ခေတ္တရပ်နားသောအခိုက် ၊
၎ ။    အောက်သို့ စ၍ ချသောအခိုက် ၊
၅ ။    ခလုတ်+ တံသင်း စသည်ကို မြင်၍ နံဘေးသို့ လွှဲသောအခိုက် ၊
၆ ။    အောက်မြေသို့ ချသောအခိုက်ဟူ၍  အခိုက်အတန့် (၆) ပါးကို နှလုံးသွင်း ဆင်ခြင်၍ ၀ိပဿနာ ပွားရမည် ။
                ပွားပုံကား ....................
        ရပ်နေရာမှ အထက်သို့ ကြွချီလိုသဖြင့် ဖိနှိပ်၍ နင်းသောအခိုက်၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် အထက်သို့ကြွချီသော အခိုက်သို့ မလိုက်ပါ ။  ထို ဖိနှိပ်၍ နင်းသောအခိုက်၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
        ခြေကိုအထက်သို့ကြွချီသော အခိုက်၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် အထက်မှ အောက်သို့ချလို၍ ခေတ္တရပ်နားသောအခိုက်သို့ မလိုက်ပါ ။ထို အထက်သို့ ကြွချီသောအခိုက်၌ သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
        ခြေကို အထက်မှ အောက်သို့ချလို၍ ခေတ္တရပ်နားသောအခိုက်၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် အောက်သို့ စ၍ချသောအခိုက် သို့ မလိုက်ပါ ။ ထို ခေတ္တရပ်နားသောအခိုက်၌ သာလျှင် ချုပ်ပျောက်ကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
        ခြေကို အောက်သို့ စ၍ချသောအခိုက် ၌ ဖြစ်သော ရုပ်နာမ်တို့သည် ခလုတ် တံသင်းစသည်ကို မြင်၍ ခြေကို နံဘေးသို့ လွှဲသောအခိုက် သို့ မလိုက်ပါ ။ ထို အောက်သို့ စ၍ချသောအခိုက်၌သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
                ခလုတ် တံသင်းစသည်ကို မြင်၍ ခြေကို နံဘေးသို့ လွှဲသောအခိုက်၌ ဖြစ်သောရုပ်နာမ်တရားတို့သည် ခြေကို အောက်မြေသို့ ချသောအခိုက်သို့ မလိုက်ပါ။ ထို နံဘေးသို့ လွှဲသောအခိုက်၌သာလျှင် ချုပ်ပျောက်ကြကြောင့် အနိစ္စ တို့ ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
        ခြေကို အောက်မြေသို့ ချသောအခိုက်၌ ဖြစ်သောရုပ်နာမ်တို့သည် နောက်တစ်ဖန် ခြေလှမ်းရန် ဖိနှိပ်၍ နင်းသော အခိုက်သို့ မလိုက်ပါ ။ ထို ခြေကို အောက်မြေသို့ ချသောအခိုက်၌သာလျှင် ချုပ်ပျောက်ကြကြောင့် အနိစ္စ တို့ ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
                        ( ဤကဲ့သို့ ရှုပွားကြရပါမယ် ။)
        ၁ နှစ်တစ်စု ကြည့်ပြီးတွဲတဲ့အခါ ၁ နှစ် အတွင်းမှာရှိတဲ့ ဥတု သုံးပါး၊ ရတုခြောက်ပါး ၊ လ ပေါင်း ၁၂ လ၊ နေ့ နှင့်ညဥ့် အခါ ၆ ပါး ၊ ခြေတစ်လှမ်းဖြစ်တဲ့ အခိုက် အတန့် ၆ မျိုး ၊ အဲဒီလို အစဉ်အတိုင်း ရှုဖို့ရန် မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးကိုယ်တော်ရဲ့ “ပရမတ္ထသရူပဘေဒနီ ကျမ်း” ကမ္မဋ္ဌာန်းပိုင်းမှာ ရှုပုံကို လင်္ကာဖြင့် အကျယ်ဖေါ်ပြထားတော်မူပါတယ်။
        ပထမနေ့ ဆိုပါစို့ ၊ “သုံးပါးသက် ရွယ်”  အရွယ်သုံးပါး၊ “ဆယ်ဒသက” ဆယ်နှစ်တစ်စု၊ ဆယ်နှစ်တစ်စု ဆယ်စု၊ “ပဉ္စကတည့်” - ငါးနှစ်တစ်စု၊ ငါးနှစ်တစ်စု အစု ၂ စု ထားပြီးရှု၊ ဒါ ပထမနေ့ ဆိုပါစို့ ။
        ဒုတိယနေ့ကျတော့ ၄ နှစ်တစ်စု ၊ ၄ နှစ်တစ်စု အစုပေါင်း ၂၅၊ ပြီးတော့ ၃နှစ်တစ်စု ၊ ၃နှစ်တစ်စု အစုပေါင်း ၃၃၊ ပြီးတော့ ၂ နှစ်တစ်စု ၊ ၂ နှစ်တစ်စု အစုပေါင်း ၁၀၀ ထားပြီး ရှု ၊ ဒါ ဒုတိယနေ့ ဆိုပါစို့ ။
        တတိယနေ့ကျတော့ ၁ လတစ်စု ၊ ၁ လတစ်စု အစုပေါင်း ၁၂ စု ၊ ပြီးတော့ လဆန်း ပက္ခ၊ လဆုတ် ပက္ခအားဖြင့် ၂ စု ၊ ပြီးတော့ နေ့ မှာ ၃ ချိန် ၊ ညဥ့်မှာ ၃ ချိန်ထားပြီး ၆ ခုပြု၍ ရှု ၊ ပြီးမှ ခြေလှမ်းတိုင်း လှမ်းတိုင်းမှာ ၊ ဖြစ်နိုင်တဲ့ ကိရိယာ (အမူအရာ) ၆ မျိုး နဲ့ (ရှေးကဆိုခဲ့ပြီးသော နည်းအတိုင်း) ရှုပါလေ ။
        ဤနည်းသည် ၀ိသုဒ္ဓါရုံ ဆရာတော် ဘုရားကြီးဟာ ကိုယ်တော်တိုင်လည်းပဲ ဤအတိုင်းရှုတယ်လို့ အကဲခတ်နိုင်ပါတယ် ။ကိုယ်တော်တိုင်ရှုတဲ့ နည်းအတိုင်း ၀ိသုဒ္ဓိမဂ် အဋ္ဌကထာနှင့် အညီ လင်္ကာရေးထားခဲ့ပါတယ် ။ 
ဤလင်္ကာကို မှတ်မိသွားအောင်/ အလွတ်လည်းရစေလိုတဲ့အတွက်၊ ထပ်မံဖေါ်ပြပေးပါမယ် ။
ဤလင်္ကာကိုအလွတ်ကျက်မှတ်ပြီး၊ လင်္ကာပါအတိုင်း လေ့လာဆည်းပူးကြိုးစားအားထုတ်ပေါက်မြောက်နိုင်ပြီး၊ မအိုရာ၊ မနာရာ၊ မသေရာ ဖြစ်တဲ့ သန္တိ သုခအမြိုက်နိဗ္ဗာန် သို့ လျင်မြန်စွာဆိုက်ရောက်နိုင်ကြပါစေ ။
      သုံးပါးသက်ရွယ် ၊ ဆယ်ဒသက၊ ပဉ္စကတည့် ၊
      စတုက - တိ ၊ ဒွိ နှင့် ဧက ၊ သုံးဝဥတု ၊
                              ရတုခြောက်သွယ် ၊ လကွယ်လဆန်း ၊
      ဒိဝန်းရတ္တိ ၊ ဆဗ္ဗိအခါ ၊ ကိရိယာဆ ၊
      ဥဒ္ဓရဏက၊ စသည်ခြောက်ခု ၊ အစုစုဝယ် ၊
                              ဖြစ်မှုဥဿုံ ၊ အလုံးစုံကား ၊ ရွှေဘုံမဖြစ် ၊
      တစ်ဆစ်တစ်ရက် ၊ တစ်စပ်တစ်သင်း ၊
      နှမ်းအိုးကင်းထက် ၊ နှမ်းစေ့ကျက်သို့ ၊
      ကွဲပျက်ကြေမွ ၊ အနိစ္စသည် ၊
      ဒုက္ခ အနတ္တ  ချည်းသာတည်း …………..။
   ဣဒံမေ ပုညံ ဗောဓိ ဉာဏဿ ပစ္စယော ဟောတု ။ . . . . .။
      မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီး နှင့်
  မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး
                                တို့၏ ၀ိပဿနာရှုနည်း ပြီး၏
                 ပုညသင်္ဂဟ ၊ ဦးဝိမလ
                        (9.9.2012)
No comments:
Post a Comment