Wednesday, March 25, 2015

အလွမ်း ဒဿနေမင်း













အလွမ်း
___________
ထောင့်တိုင်းစပ်ရှည်
မြစ်ခပေါင်း ပေါင်းလောင်းလက်ယာကွေ့
နန်မြေ့စံတည်      ။
ပုတ်ပဲကဝိုက်လည်
မြောက်ဆီကဆွာဖုံး  ။
ကြက်ညွှန်းနောင်ညီနဲ့
တရထည် မြရည်ဆို့တယ်
လွမ်းဖို့  မဆုံး  ………………… ။

                       နတ်သျှင်နောင်
* ဟောဒီမြေမှာ
ကမ္ဘာမြေမျိုချပစ်တဲ့
မတ်လ ၁၈
အဲဒီ နွေစစ်စစ်နဲ့
ချစ်သူတွေကွေကွင်းရ
လွန်ခဲ့တဲ့ ၁၅ နှစ် က … မေမေ
"ပေါ်နွေလလျှင် တောင်ကချိမ့်မြူး
မင်းလွင်ဦးနှင့် ပျံ့ပျူးချုပ်ထိုင်း
မုန်တိုင်းဆင်လို "… တဲ့ ။
အလွမ်းထွတ်ခေါင် နတ်သျှင်နောင်ရေ 
မတ်လ ၁၈ တဲ့
ဟောဒီမြေမှာပဲ
ကဗျာဆရာ စစ်စစ်
ချစ်မြတ်လေးစား တန်ဖိုးထားရတဲ့
ကျွန်တော်တို့ရဲ့ နောင်တော်
ကေတုဘုန်းမော်လေ …။

နီစွေးတဲ့ ပန်းတစ်ပွင့်ပါ
သူ့မှာ သူ့ဆူးသူ မခူးရက်တဲ့
မာန နဲ့ ရှင်သန် ။

ခြွေလို့မကြွေ
"ကျွန်ုပ်၏ ကြေငြာစာတမ်း"
သေမင်းကို ဒိုင်ပွဲရပ်
ပူးသတ်လိုက်တဲ့ တိုက်ကွက်
အဲ့ဒါ… ချန်ပီယံလက် ဖြစ်တယ် ။

ဒီလိုနဲ့ ဘဝတစ်ခုဟာ
မီးဟုန်းဟုန်းတောက်စား
ပြာဖြစ်သွားခဲ့ပြီတဲ့လား
၅၈ မိနစ်လောင်မြိုက်
၅၈ နှစ် လောင်မြိုက်
ဘယ်အပူ ဘယ်သူ ကြိုက်သလဲ
ကဲ… လေချွန်ငှက်ကလေးရေ
လက်တစ်ခုပ်စာလေ အဝရှူပေရော့  ။

ဘဝကို  ကဗျာလို
လေးလေးပင်ပင် အိုင်ကျင်းဖွဲ့
ကျွန်တော်တို့နှလုံးအိမ်တည့်တည့်က
ချစ်လှစွာသော ကေတုဘုန်းမော်
နောင်တော်
" တွန့်ခေါက်တောင်တန်းတွေ ဆန့်သွားပါရော"
မတ်လ ၂၀ နေ့လယ် ၂ နာရီခွဲ
နေကျဲကျဲအောက်က ကဗျာတွေ
မျက်ရည်တံလျှပ်တွေနဲ့ ။

ပြာဖြစ်ဖို့
ချစ်ခဲ့လိုက်ကြရတာ
အနာတရတွေနဲ့ သစ္စာရေတွေ သောက်သောက်ပြီး
ခရီးအတူသွားခဲ့ကြ
သက်တမ်းတို သူတို့အထဲ
နောင်တော်လည်းပါခဲပြီ
အဲဒီနေ့က အီကွေတာရာသီ ။

လူနဲ့မမျှ
အရွယ်နဲ့ မမျှ
ရင်နဲ့ မမျှ
ခံနိုင်ရည်တဲ့ မမျှ ခံနိုင်ရည်ရှိပြခဲ့တဲ့ နောင်တော်
ကျွန်တော်နဲ့ တွေ့စ
၁၉၇၄ ခုနှစ် ခုနှစ် က ရေတာရှည်မြို့မ
စာကြည့်တိုက်ခန်းမ
"သိပ္ပံမောင်ဝ …အရှေ့ပြုဗ္ဗာကဘာဏုရာဇာ
ဒေါင်းစကြာ …ထွက်ပြူလာ"လို့ မရေး
"နေထွက်လာပြီ" ဆိုတဲ့ ခေတ်စမ်းအရေး ဆွေးနွေး
အဲဒီ မှတ်တမ်းစာအုပ်လေး
မဆွေးသေး ။
နွေးထွေးဆဲ အသံတွေ
ကေတုမြေ အလင်းသစ်… သုံးနှစ်ပြည့်
လကွယ်ည " အနှစ်သုံးဆယ်
ရင်ဝယ်ခုထိ ခုန်ဆဲပါတကား
မောင်လေးအောင် ။ မောင်ယဉ်မွန် ။ဖော်ဝေး
နောင်တော့်သွေးတွေ ။
၁၉၈၃ ခုနှစ် မတ်လ ၁၈
အသက် ၅၈ ချစ်သော မေမေ
၁၉၉၈ ခုနှစ် မတ်လ ၁၈
အသက် ၅၈ ချစ်သော နောင်တော်
ကေတု ဘုန်းမော်
သြော် …… ချစ်ရသူတို့ရေ
အဝေးလွမ်းတွေနဲ့ တမ်းတ
နွေခေါင်ခေါင် ဝေမှောင်အုံ့ပျ   ။          ။

                   ဒဿနေမင်း
( ၁၉၉၈ မတ် ၁၈ တွင် ကွယ်လွန်ခဲ့သော
          ကဗျာဆရာ ကေတု ဘုန်းမော် သို့    )













No comments:

Post a Comment