တောင်ငူလေညှင်း ၂ .........................................
``ငါသေရင် ငါ့အသုဘကို သရဏဂုံ တင်ချင်တင် မတင်ချင်နေကွာ မင်းတို့သဘောပါ ၊ ဒါပေမယ့် ကဗျာလေးတွေတော့ရွတ်ပေးကွာ ၊ ကဗျာနဲ့ သရဏဂုံ တင်တာလေး ငါခံချင်တယ်´´
______________________________________
``မင်း ရေတာရှည် ၊ ပျဉ်းမနား ရော အုတ်တွင်းက ကဗျာဆရာတွေရော စုံအောင်ဖိတ်နော် အောင်ထက် ၊ မကျန်စေနဲ့ ၊ စည်စည်ကားကားလေးဖြစ်ပစေ ကြားလား´´
______________________________________
``ဆရာဝန်က ၂လ အလွန်ဆုံးပဲလို့ ပြောတယ်တဲ့ကွ´´ ``ဦးဘုန်းကလည်း ပေါက်ကရတွေ´´ ``ဘယ်က ပေါက်ကရ ရမှာလဲကွ´´ ``ဦးဘုန်း အလတ်ကြီးရှိပါသေးတယ်ဗျာ´´
______________________________________
``အောင်ထက် အဖေတို့ လိုင်းခန်းထဲက အိမ်ကို ခဏပြောင်းရလိမ့်မယ် ဒီနေ့ညနေ သွားပြောချေ ၁လ ၂လ လောက်ပါပဲကွာ´´
``မင်းမသိပါဘူး အောင်ထက်ရယ်........... ........ ငါ့အသုဘကိစ္စဘယ်လိုလုပ်မလဲ ကိစ္စပြီးတော့ပြန်ပြောင်းခဲ့ပေါ့ကွာ´´
______________________________________
ကိုယ့်ဇာတ်သိမ်းခန်း ကိုယ်စီရှိနေခဲ့ပြီးမှန်း ကျွန်တော်တို့အားလုံးသိကြတယ် ။ ပေးစာ တစ်စောင်ရဲ့ရင်ကွဲသံ အားလုံး လက်ခံထားခဲ့ကြပြီးသား မွေးကတည်းက ။ ဒါပေမယ့် ပုထုဇဉ် သာမန်လူသားများ ကျွန်တော်တို့တတွေထဲ ကြိုပြင်ခွင့် ကြိုမြင်ထားခွင့် ရနိုင်ခဲ့ကြသူတွေ များများစားစား ရှိခဲ့ကြပါရဲ့လား ။ ရှိနေကြပါရဲ့လား ။ ကေတုဘုန်းမော်ဆိုတဲ့ အောင်ထက်တို့အဖေ ရင်ပတ်ထဲက ပျိုးယူ မွေးထုတ်ထားတဲ့ နောက်ဆုံးကဗျာတစ်ပုဒ်ကို ဆွဲကိုင်မြှောက် မရဏဆီတည့်တည့် ပြုံးပြုံးကြီးကြည့် အားကုန် ပစ်ပေါက်ပြသွားခဲ့ဖူးတာ ဒဏ္ဌာရီမဟုတ် ပါးစပ်ပုံပြင်တစ်ပုဒ် မဟုတ် လူသားဆန်တဲ့မှတ်တမ်းတစ်ပုဒ် တကယ်ဖြစ်ခဲ့ဖူးပါတယ်။
______________________________________
ကျွန်ုပ်၏ကြေငြာစာတမ်း ........................................
သိနေတယ် အို.....မရဏ အာဝဇ္ဇန်းရွှင်ရွှင် တစ်နေ့ သင်ရောက်လာမည်ကို.....။
စိုးစဉ်းမျှဆန္ဒမပါဘဲ စတင်ကတည်းက ပေးစာတစ်စောင်ရဲ့ ရင်ကွဲသံ ငါလက်ခံထားရ ။
ဟောဒီ့လောကကြီးထဲ မေ့ပျောက်ခြင်းငှါ မစွမ်းနိုင်တဲ့ မျက်လုံးစိမ်းစိမ်းမှာ ဒုက္ခသစ္စာ မဏ္ဌိုင်ကြီးတစ်ခု ငါ့ရဲ့သမုဒယတောက်လောင်ခြင်းကို မှတ်တမ်းတင်လို့ပါလား ။
အဲဒါ ဝတ္ထုတိုတစ်ပုဒ် မဟုတ်ဘူး ၊ ကဗျာတစ်ပုဒ် ဟုတ်တယ် ။ ငါမငိုဘဲနေနေတာ သင်မရယ်ဘဲကို မနေနိုင်အောင်ပေါ့ ။
ဘယ်သူ့အတွက်မှ သယ်ယူခဲ့စရာဆိုလို့ လေညှင်း လက်တစ်ခုပ်စာ မရှိပြီ စွန့်ပစ်ခံရမည့်အချိန် ။
ငါ့ရဲ့ဘဝ ငါ့ရဲ့အမည်နာမနဲ့ ကလောင်အမည်ကိုဖျက်သိမ်းပြီး အထုပ်အပိုးများချည်နှောင်ကာ ရုံးဌာန အမြောက်အများဆီ တစ်ရုံးပြီး တစ်ရုံး ငါဖြတ်သန်းဖို့လိုပါသလား ။
အောက်ပါအတိုင်း ခွဲခြားဖော်ပြ ကိုယ်တိုင်လက်မှတ်ရေးထိုးလိုက်ပါရဲ့ ။
တစ်ဖန် သေခြင်းတရားကို အဆုံးမဲ့ရောက်ရှိဖို့ ထထကြွကြွဆန့်ကျင်ခဲ့သူဟာ နေရီရီ ကမ္မဋ္ဌာန်းရနံ့နဲ့ ငါပဲ ။
ကေတုဘုန်းမော် ၁၉၉၈ ၊ မတ် ၊ ကလျာ မဂ္ဂဇင်း
______________________________________
၁၉၉၈ မတ်လ ကလျာက ကဗျာ သူငယ်ချင်း တူ သား ကဗျာဆရာတွေနဲ့အတူ သူ ဖတ်ခွင့်ရသွားခဲ့သေးတယ် ။
______________________________________
၁၉၉၈ မတ် ၁၈ မှာပဲ အဲဒီ့လေညှင်းကလေး နှုတ်ဆက် ပွတ်ခတ် မြို့တောင်ငူမှသည် လွတ်လပ်ရာဆီ ပျံ သွား ခဲ့ ။
ခက်ဦး ၂၄ . ၃ . ၂၀၁၅ ကေတု ဘုန်းမော် သို့ |
No comments:
Post a Comment