Tuesday, August 21, 2012

ငှက်ကလေးငါ့ဆီပြန်မလာဘူး။ အောင်လွန်းမြိုင်





















ငှက်ကလေး ငါ့ဆီပြန်မလာဘူး

ငှက်ကလေး ရေ . . . . . အိမ်နဲ့
စိတ်ဝေးနေသူပါ
အလွမ်းတွေ လေပေါင်ပြည့်လာတဲ့အခါ
တလိပ်လိပ်တက်လာတဲ့ မိုးသားတွေလက်တို့မခံရခင်
အိမ်ခန်းလေးထဲပြေးဝင်မိသူ

အပြင်မှာမှောင်လာပြီလားဆို
ငှက်ကလေး ငါ့ဆီပြန်မလာတဲ့အကြောင်း
လူတွေမမြင်အောင် တွေးမိတယ် ။
ငှက်ကလေး - - - - ရေ

ရှစ်ခွင်တိုင်းညို့ ညို့ဆိုင်းလို့
လေသင့်ရာသတိရခြင်းတွေမွှေးလို့
မျှော်စောင့်ခဲ့ရတဲ့ နေ့တွေ ညတွေတရွေ့ရွေ့ဝေးလို့
တသောသောရွာနေတဲ့ မိုးထဲမှာ
ငှက်ကလေး ပြန်မလာတဲ့အခါ - - - - - ။

ငှက်ကလေး- - - - - -ရေ
ခုနေ - မိုးရွာပြီးစရွာလမ်းကလေးကို
လမ်းလျှောက်ချင်တယ်။

အိမ်ရှေ့  ခြံစည်းရိုးမှာ
နွယ်ပင်လေးတွေမြွေစိမ်းခေါင်းလိုခေါင်းထောင်နေပြီလား
ပိုးဇာပင်ကအရွက်တွေ နုမြဲအတိုင်းနုဆဲပဲလား
တောပန်းဝါ၀ါလေးတွေ ပွင့်မြဲအတိုင်းပွင့်ဆဲပဲလား
တာရိုးဘေးကရင်ဘောင်တန်းစီးနေတဲ့ သဲချောင်းထဲမှာ
ငါးသလဲထိုးတွေ မြူးနေရောပေါ့
ငှက်ကလေးကတော့ အတိတ်မေ့ဝေဒနာလူလို
ရယ်လို့ မောလို့ ပြုံးလို့
ငါကသာငှက်ကလေး ပြန်မလာတဲ့အခါ - - - - - - - -။

ငှက်ကလေး- - - - ရေ
အလွမ်းကအဆိပ်ဆိုရင်
အကြိမ်ကြိမ်သေခဲ့ရသူဟာငါပဲပေါ့။

ငှက်ကလေး- - - - ရေ
ဒဏ်ရာတွေနဲ့ အိမ်ပြန်လာရတဲ့ခရီးဟာ
မရှုံးသင့်ပဲရှုံးတဲ့ အရှုံးနဲ့ ပြန်လာရတဲ့
ဘောလုံးသင်းတစ်သင်းလို ကြေကွဲစေ၇ာကောင်းလှရဲ့  ။

ရက်ချို့ ပေါင်မုန့်တစ်လုံးရဲ့ အရသာလို
ငါ့အဓိပ္ပါယ်ဟာ လူရာမ၀င်တော့ဘူးလား
ဘယ်သောအခါမှ
ငှက်ကလေးငါ့ဆီပြန်မလာတော့တဲ့အကြောင်း
တဖွဖွ ပြောပြနေတော့မှာ - - - - - - -။       

                                         အောင်လွန်းမြိုင်
                                   မြားနတ်မောင် မဂ္ဂဇင်း
                                     (ခုနှစ် မမှတ်မိတော့ပါ။)

No comments:

Post a Comment