ပန်းပဲဖိုအိမ်
အောင်လွန်းမြိုင်
အဖေ့ချွေးဟာ
မီးကျည်ခဲကထွက်တဲ့
ချောရည်ချော်တုံးတွေ ဖြစ်သွားတယ် ။
ပေပေါ်တင်ထုတဲ့အခါ
သံပူပြာမှုန့်တွေ
အဖေ့ခြေဖမိုးနဲ့
လက်ဖျံရိုးပေါ်ကအရေပြားတွေညော်နံ့ထွက်ခဲ့။
မိသားစုခြောက်ယောက်ရဲ့
နှာခေါင်းပေါက်တွေလို
အဖေ့ဖိုကလေးက
ဝင်လေထွက်လေ ရှုလိုက် ရှိုက်လိုက်
မီးသွေးခဲတွေ ရဲလို့ . . . . . .
တူသံတွေလည်းညံလို့ . . . . .
ထမင်းဝိုင်းလေးက အေးစက်တောင့်ခဲလို့ ။
ခုတော့ . . . . . . . . .
မီးပွားပြာမှုန်တွေက
အဖေ့ခေါင်းပေါ်မှာ
သပ်ချလို့မရအောင်ဖွေးလို့
အဖေ့သွားတွေကလည်း
တူအရိုးချောင်သလိုလှုပ်လီလှုပ်လဲ့
ဟင်္သာပေခမျာဒဏ်ရာတွေ ဗရပွ
ကော့ခွက်လန်နှစ်ခြမ်းကွဲအက်ကြောင်းနဲ့
ဖိုကလေးကရော
ဘာထူးသေးလဲ
အဖွားအိုတစ်ယောက် မီးမှုတ်သလောက်သာ
တစ်ခါတစ်ခါ အသက်ရှုကြပ်ကြပ်နေတာ။
အောင်လွန်းမြိုင်
ချယ်ရီမဂ္ဂဇင်းတွင်ဖေါ်ပြပြီး။
No comments:
Post a Comment