( ကဗျာဆရာလင်းသက်ငြိမ်ရဲ့ ________
- ကောလင်းကဗျာရှည် )
📝 အို . .ေ ကာ လ င်း 📝
____________________ လင်းသက်ငြိမ်
အို...ကောလင်း
ခင်ဗျားသတင်းကို
အဝေးရောက်သားတစ်ယောက်က
တစ်တိုင်းပြည်လုံးကြားအောင်
ကဗျာရှည်တစ်ပုဒ်နဲ့
တာဝန်ကျေပွန်ခဲ့ပြီးတဲ့နောက်
လက်ရှိခင်ဗျားရင်ခွင်မှာမှီတင်းနေထိုင်တဲ့
ကဗျာဆရာဆိုတဲ့ ဒီအကောင်က
တောက်...တစ်ချက်ကိုနာနာကျည်းကျည်း
ခပ်ပြင်းပြင်းခေါက်
ဒဏ်ရာတွေဗရပွနဲ့ သင့်အတွက်
ဒေါ မာန် ဖွဲ့ ကဗျာတစ်ပုဒ် ရေးဖြစ်ခဲ့ပေါ့။
ကောလချီ ကောလချာအစ
ကောလင်းမင်းသမီး၊ကောလင်းမြို့စား
ရွှေလှံဗိုလ်နဲ့မြို့ဝန်ဦးကာတေ
ရာဇဝင်ထဲနွဲခဲ့ဖူးတဲ့ တိုက်ပွဲတွေကိုအသာကထား
သင့်သမိုင်းကြောင်းဟာ
အထိုက်အလျောက်
လာခြင်းကောင်းခဲ့တယ်ဆိုတာ
အားလုံးသိပြီးသားပါ။
ကျွန်တော်ပြောချင်တာကမကြာသေးတဲ့
ဒီဘက်နှစ်ကာလတွေထဲက
ကောလင်းအကြောင်း
အဲဒီမကြာသေးတဲ့ ဒီဘက်နှစ်ကာလတွေမှာ
သင်ဟာ ဆုံထဲကဆန်ဖြစ်ခဲ့၊
ခြင်းထဲကကြက်ဖြစ်ခဲ့၊ခြံထဲကနွားဖြစ်ခဲ့...
သယံဇာတ ကျိန်စာမှာ
ရေတိမ်နှစ်ခဲ့ရရှာတာပဲလား ကောလင်း...။
အရိပ်နေနေ အခက်ချိုးချိုး မသမာတဲ့အငြိုးတွေနဲ့
သင့်ရင်ဘတ်ကို အတင်းဆွဲဖြဲပြီး
ရက်ရက်စက်စက် ကလီစာတွေကိုဆွဲထုတ်
ဘီလူးသရဲစီးသလို
ပါးဖြဲနားဖြဲစားသောက်သွားခဲ့ကြတာ
ဘယ်ကမကောင်းဆိုးရွားတွေလဲ။
လူဆိုတာ မီးခိုးနဲ့ပြာမဖြစ်ခင်စပ်ကြား
အချိန်ကလေးမှာ ရသမျှအကုန်လိုချင်ကြတဲ့
သတ္တဝါတွေဆိုတာ ဒဏ်ရာတွေကြားက
ခင်ဗျားရခဲ့တဲ့ တရားလား...
ကောလင်းရွှေမြို့တဲ့...
ရွှေဆိုရင်ခင်ဗျားအသဲထဲကခါးခါးသီးသီး
မုန်းတီးနေတာ ကောလင်းသားကျွန်တော်
ကောင်းကောင်းကြီးသိပါတယ်...။
တောတွေတစ်တောပြီးတစ်တောပြုန်း
တောင်တွေတစ်တောင်ပြီးတစ်တောင်ပြို
ခင်ဗျားကိုယ်ကိုပြောင်သလင်းခါအောင်
ကျင်ယူနေကြတာ ဘယ်ကလူလွန်မသားတွေလဲ
ခင်ဗျားရဲ့နှလုံးသွေးကြောကြီးဖြစ်တဲ့
ဒေါင်းမြူးချောင်းထဲကသောင်ခုံတွေပေါ်မှာ
ခိုတွေအစာကောက်နေတာ
ပျော်စရာမြင်ကွင်းလား...
မဖြစ်ညစ်ကျယ်စီးဆင်းနေတဲ့ နီကျင့်ကျင့်
ချောင်းရေထဲတောင်နွံရေတွေနဲ့စီးပျစ်လို့
ခင်ဗျားကိုဘယ်သူတွေဘယ်လောက်
ချစ်ခဲ့ကြသလဲ ကောလင်း...။
ခင်ဗျားရင်ကိုခွဲထုတ်ပြီးရခဲ့တဲ့စည်းစိမ်တွေက
ဆေးရုံကောင်းကောင်းမဖြစ်ခဲ့ဘူး
ကျောင်းကောင်းကောင်းမဖြစ်ခဲ့ဘူး
ပြီးတော့
ခင်ဗျားရဲ့ရင်လွယ်သားသမီးတွေအတွက်လည်း
မဟုတ်ခဲ့ဘူးလေ။
ခေတ်နဲ့အညီ ဖွံ့ဖြိုးရေးတဲ့လား
ဆိုင်းဘုတ်တွေကတော့
ထိုင်ရှိခိုးစရာကောင်းလောက်ပါတယ်
တရုပ်ဆိုင်ကယ်တွေပေါတာ
ဘီယာဆိုင်တွေပေါတာ ခေတ်မှီတာလား
မူးယစ်ဆေးတွေပေါတာ ခေတ်မှီတာလား
မာဆတ်ခန်းတွေဖွင့်လာတာ ခေတ်မှီတာလား
တစ်လုံး နှစ်လုံး သုံးလုံး တွေနဲ့
ခေတ်မှီတာလား...
ခေတ်မှီတာလား...
ခေတ်မှီတာတဲ့လား...။
မေးခွန်းတွေပဲ ပွက်ပွက်ဆူလျှံကျလို့
ခေတ်မှီတယ်ဆိုတဲ့စကားက
ခင်ဗျားကို ပါးပါးလှီးနေတဲ့ ဓားလား...။
အခုတော့ သစ်လုံးရထားတွေသိပ်မရှိတော့ဘူး
အခုတော့မျက်နှာနီစပ်စပ်နဲ့မျက်နှာစိမ်း
ဧည့်သည်တွေ သိပ်မလာတော့ဘူး
မီးဖွင့်ပြီးမောင်းတဲ့ယာဉ်တန်းတွေလည်း
သိပ်အရောက်အပေါက်မရှိကြတော့ဘူး...။
ခြုံနွယ်ပိတ်ပေါင်းနဲ့ပန်းခြံထဲ
ရေညှိတက်နေတဲ့
လွတ်လပ်ရေးကျောက်တိုင်ကြီးကငိုက်မြည်းလို့
ညစ်ပေရှုပ်ပွနေတဲ့ မြို့မဈေးကြီးက
ယင်တွေကို တဖျပ်ဖျပ်မောင်းရင်းသမ်းဝေလို့...
ဇရပ်အိုကြီးလို ရူနာရှိုက်ကုန်းနဲ့
မြို့တော်ခန်းမကြီးကညည်းတွားလို့...။
မီးပျက်သွားမှမီးစက်ကို
အရေးပေါ်ထထပြင်ရတဲ့ပြည်သူ့ဆေးရုံကြီးက
ဂုဏ်ယူစရာလား...
ကြိုးဆွဲချသေလို့ရလောက်အောင်
လည်ပင်းမှာဆင်ယင်ထားကြတဲ့
ဆွဲကြိုးပြောင်ပြောင်မျက်နှာပြောင်ပြောင်နဲ့
ခရိုနီဆိုတဲ့ကောင်တွေက အားကိုးစရာလား...။
ငါ့အပေါ်စေတနာမထားတဲ့
ရေပေါ်ဆီအကြီးအကဲတွေ ထွက်သွားလို့
သံပုံးတီးမောင်းထုတ်ပစ်ချင်နေခဲ့တာ
နှစ်တွေဘယ်လောက်ကြာခဲ့ပြီလဲ ကောလင်း...။
ခင်ဗျားဟာ မြန်မာနိုင်ငံရဲ့
ရွှေအထွက်ဆုံးစာရင်းဝင်တဲ့
သစ်တောတွေလည်းပေါသတဲ့
ဆန်စပါးတွေလည်း ပေါသတဲ့
ပြီးတော့ ခင်ဗျားမှာ
တစ်ခြားသယံဇာတတွေလည်း ထောသတဲ့လေ။
ခင်ဗျားရဲ့အဆီအသားတွေနဲ့
ဘယ်သူတွေကြီးပွားသွားကြတာလဲ
ခင်ဗျားရဲ့ရင်ခွင်ထဲတက္ကသိုလ်ကြီးထားခွင့်ကို
ဘယ်သူတွေငြင်းခဲ့တာလဲ
ဖုတ်ပူမီးတိုက်စီမံကိန်းအတွက်
လယ်ကွက်တွေကိုဖျက်
အကျိုးမဲ့အရူးထချက်တွေနဲ့
ဒီအတိုင်းပျက်စီးသွားခဲ့ရတဲ့
စိုက်ပျိုးရေးသိပ္ပံကျောင်းကြီးက
ဘယ်သူ့လက်ချက်လဲ
စာပေသမားဆိုတာနဲ့ထရိုက်ချင်အောင်
နှစ်ကာလအကြာကြီး
မျက်မုန်းကျိုးစိတ်သွင်းခဲ့တာဘယ်သူ့စနက်လဲ...။
မေးစရာတောင်မလိုတော့တဲ့ မေးခွန်းတွေနဲ့
ခေတ်နောက်မှာကုပ်ကုပ်ကလေးရပ်နေရတဲ့
ကောလင်း...
ဒီကနေ့ပြင်ပြီး မနက်ဖြန်ပျက်တဲ့
လမ်း တံတားတွေနဲ့ ကောလင်း...
သေရေးရှင်ရေး အားကိုးစရာဆေးဝါးရှားတဲ့
ကောလင်း...
တစ်ခြားမြို့တွေက ပေတစ်ရာကားလမ်း
အကောင်းစားကြီးတွေနဲ့ပြေးလွှားနေတဲ့အချိန်မှာ
မီးရထားလေးအိပဲ့အိပဲ့နဲ့ ကောလင်း...။
အို...ကောလင်း
ခင်ဗျားသတင်းကို ညယ်တို့ မောင်တို့နဲ့အစရှိတဲ့
ချစ်စရာဒေသသံတွေအစား
တောက်တခေါက်ခေါက်နဲ့မိုက်မိုက်ရိုင်းရိုင်း
ပြောဖြစ်ခဲ့တာ ခွင့်လွှတ်ပါ။
ကျွန်တော်မွေးဖွားလာတာ
လူလိမ္မာတွေရှားတဲ့ ခေတ်ကြီးထဲမှာ
ကျွန်တော်ချမ်းသာတာကလည်း
အာသာဆန္ဒနဲ့ဒေါသ...
အဲဒီထဲမှာ ခင်ဗျားကိုချစ်တဲ့စိတ်တွေ
တစ်ဆုပ်တစ်ခဲကြီးပါဝင်ဆိုတာ ယုံကြည်ပါ
ကောလင်း...။
အပေါ်စီးကကြည့်ရင်
လိပ်ပြာကလေးအတောင်ဖြန့်နားနေတဲ့
မြေပုံအနေအထားနဲ့ ကောလင်း...
နားနေတဲ့လိပ်ပြာကလေးမှာ
အသက်ဝိညာဉ်ရှိပါသေးရဲ့လား ကောလင်း...
ဒါမှမဟုတ် ပုဇင်းရငိကွဲလို
အဆံမပါတဲ့ကိုယ်ခန္ဓာနဲ့ခံစားမှုတွေ
ထုံအနေတာပဲလား ကောလင်း...။
ခင်ဗျားရဲ့အာရုံတွေကို ပြန်စုစည်းပါ
ခင်ဗျားရဲ့ ဒဏ်ရာတွေကို ဆေးကုပါ
ခင်ဗျားရဲ့ အတိတ်နေ့ရက်တွေကိုလွင့်ပစ်
ခင်ဗျားရဲ့ ကြေကွဲမှုတွေကို စုတ်ဖြဲပါ
ခင်ဗျားရဲ့ သိမ်ငယ်စိတ်တွေကို
မောင်းထုတ်လိုက်ပါ
ဘယ်အရာမှ
နောက်ကျတာမရှိဘူးဆိုတဲ့အတွေးနဲ့
လှမ်းလိုက်တဲ့ခြေတစ်လှမ်းက
ပန်းတိုင်နဲ့ခြေတစ်လှမ်းနီးတာပဲဆိုတဲ့
ယုံကြည်ချက်နဲ့...
နာကျင်မှုကို အံကြိတ်မာန်တင်းပြီး
ကြေကွဲခြင်းရာဇဝင်ထဲကနေ
ရဲရဲရင့်ရင့် ရုန်းထွက်
ပျံသန်းခြင်းရဲ့ဟိုမှာဘက်ကမ်းမှာ
ရွှေရောင်တွေအစစ်အမှန်
ထွန်းတောက်နေတယ်ဆိုတာ
ဒီကဗျာနဲ့ အာမခံလိုက်တယ် ကောလင်း...။ ။
လင်းသက်ငြိမ်