လူညံ့တစ်ယောက်ရဲ့မှတ်စု
_________________ လင်းသက်ငြိမ်
လမ်းဘေးကကျောက်ခဲလေးတွေသိတယ်
ဗလာစာအုပ်တွေသိတယ်
ဘောလ်ပင်လေးတွေလည်းသိတယ်
အရှုံးနဲ့ရေစက်ရှိခဲ့သူ ရဲ့နေ့စွဲတွေမှာ
ကောင်းကင်ကြီးလည်းပြာချင်တဲ့အချိန်ပြာတယ်
နေကလည်းသာချင်သာတာပါပဲ
သူလိုကိုယ်လို သာမာန်ပျော်ရွှင်မှုလေးနဲ့
မတင်းတိမ်တတ်တာဝဋ်ကြွေးပေါ့
အပေါစားဟာသတွေကိုမရယ်တတ်ဘူး
အကောင်းစားညစာစားပွဲတွေမတက်ဖူးဘူး
ဘဝဟာ အလိုအလျောက်စီးဆင်းနေတဲ့ရေတံခွန်ပဲ
မရပ်မနားပြဇာတ်ပဲ
လည်ပတ်နေတဲ့ ယန္တရားပဲ
လှလှပပ လွင့်မျှောဖူးတဲ့ အိပ်မက်တွေ
စိမ်းလန်းနုသစ်တဲ့ စိတ်ကူးတွေ
အလွယ်တကူ အလံဖြူပြတတ်တဲ့ ရင်မှာ
ဒဏ်ရာဒဏ်ချက်အသစ်အသစ်တွေနဲ့
တထစ်ပြီးတထစ် ငါ့လှေကားထစ်များ
အချိုးအကွေ့သာများများလာတယ်
အပေါ်ထပ်သို့ဆိုတဲ့ လမ်းညွန်ဆိုင်းဘုတ်နဲ့
တစ်ခါမှမတိုးခဲ့ဖူးဘူး ။
လင်းသက်ငြိမ်
No comments:
Post a Comment