Thursday, October 10, 2019

သိမ်းဆည်းထားရသော မီးတောက်များ - သိင်္ဂါလှိုင်

သိမ်းဆည်းထားရသော မီးတောက်များ
________________________
_________________ သိင်္ဂါလှိုင်

အမြင်မလှတဲ့ ဆူးတွေ ပေါက်နေတာ
ဘယ်သူကိုမှ မပြောပြခဲ့။

မြင်သူအေးချမ်းစေသော ရနံ့
စိတ်ပေါ့ပါးသော တိမ်တွေ
ဆံစထဲ တိုးဝင်လာသော လေညှင်းအေးစိမ်းစိမ်း
ကြည်နူးဖွယ် နေ့တွေ
ပုံဖော်
နေချင့်စဖွယ် လောကကိုပဲ ပြောပြချင်တယ်။

ကောင်းသောစကားသာ 
အပြုံးတွေ စီးပြီး 
မီးလင်းစေလို့လေ။

ဒီစိတ်ကူး ပုံဖော်လာတဲ့နောက်
တဖြေးဖြေး 
တိတ်ဆိတ်အသံတွေ ပဲ ပေါက်ဖွားလာတယ်
ပြောပြစရာ စကားလုံးတွေ သေဆုံးနေတယ်
လူတွေစိတ်ထဲ 
သူဟာ အေးချမ်းနေတယ်
သူကို  ဝစီပိတ်ကျင့်နေတဲ့သူတော်စင်လို့ ထင်နေတယ်

သူဟာ ငြိမ်းချမ်းသောတစ်ယောက်မဟုတ်ကြောင်း
အမြဲ တောက်နေတဲ့ မီးတွေ 
အမြင်မလှတဲ့ဆူးတွေ ပေါက်နေကြောင်း
ပေါက်နေတဲ့ဆူးတွေ မြိုသိပ်ရင်း
ကြာလာတဲ့အမျှ
သူ့အသံအိုးပျောက်သွားတာ လူတွေကို ပြောပြဖို့
စကားအသံဟာထွက်မလာတော့…။

သိင်္ဂါ လှိုင်
05062016
11:21



No comments:

Post a Comment