သူရဲကောင်း
**********သေဆုံးခြင်းတွေရဲ့အခြားတစ်ဘက်မှာ
တွေ့ဆုံခြင်းရှိခဲ့မယ်ဆိုရင်
ကျွန်တော် သူနဲ့ လိုက်သွားချင်တယ်
နှုတ်ဆက်တဲ့မျက်ဝန်းတွေက
အမှာစကားပြောကြားသွားသလို
ရင်ထဲကတစ်စုံတရာကို ထုတ်ခွဲသွားလိုက်တာ
ကျွန်တော့်ရင်ဘတ်တွေ
ခုထိ ပြန်မစေ့နိုင်သေးဘူး။
သူ မရှိတဲ့ကမ္ဘာမှာ
သူ ထားခဲ့တဲ့အမှတ်တရတွေပိုက်
စကားလက်ဆုံကျဖူးတဲ့ နံနက်ခင်းပေါင်းများစွာထဲက
အဆုံးမတွေကိုလွမ်းတယ်
ကျွန်တော်နှစ်သက်ဖူးတဲ့
သူ့ချွေးနံ့တွေကိုလွမ်းတယ်
သူစီးနေကြ စင်ကြယ်ဖိနပ်လေးကိုလွမ်းတယ်။
ပျော်စရာပုံရိပ်တွေဟာ
ဘ၀မှာဘယ်တော့မှပြန်မရတော့ဘူးဆိုတဲ့
အသိနဲ့ ဖွဲမီးလို
တမြေ့မြေ့ကျွမ်း
ကျွန်တော့်မျက်ရည်တွေ မခန်းနိုင်တော့
ခေါ်ခွင့်မရှိတော့တဲ့ နာမ်စားလေးကို
တသသရွတ်
အလွမ်းတွေစကြာဝဠာကိုပစ်တင်လို့
သူ့ကိုပြန်မျှားခေါ်လို့ရရင်
အတွေးနဲ့ညတွေ ပိုမှောင်လာတယ်။
သူမရှိတော့
ရှင်သန်နေထိုင်မှုက အသက်ရှုကျပ်လာတယ်
မျက်ရည်သုတ်ပေးမယ့် လက်တစ်စုံမရှိတော့
ကျွန်တော်မငိုတတ်တော့တာ ကြာပြီ
ပြေးခိုစရာရင်ခွင်မရှိတော့
ကျွန်တော်အမှောင် မကြောက်တတ်တာ ကြာပြီ
ကာကွယ်ပေးမယ့်သူမရှိတော့
ကျွန်တော်သတ္တိရှိခဲ့ ပြီ။
နောက်တခါပြန်လာရင်
ရယူတတ်သူအဖြစ် လာခဲ့ပါ
ကျွန်တော်
သူ့ခြေရင်းမှာ ခယ ၀ပ်စင်းချင်လို့
တက်တူးထိုးလာတဲ့ရင်ဘတ်နဲ့
ကျွန်တော် အော်ခေါ်မိတယ်
အဖေရယ်....
ပြန်လာခဲ့ပါတော့ ။ ။
ယာလုံမေ